Story

One of the Old Stories

My Old Story

In the kidergarden

ဒီနေ့မနက် မြို့ထဲက နာမည်ကြီး ကင်မရာဆိုင် စင်တာ တစ်ခုကို သွားခဲ့ပါတယ်။မရောက်တာလည်း ကြာ ၊ အလုပ်ကိစ္စလည်း  ရှိလို့ပါ ။ဆိုင်ထဲကို ၀င်သွားတယ်ဆိုရင်ပဲ…

“ဟော  ၊ ညီမလေး ၊ ပိန်သွားတယ် ၊ ဘယ်တွေ သွားနေလဲ ၊ မတွေ့တာကြာပြီ”

လို့ဆိုင်ရှင် ဇနီးမောင်နှံက လှမ်းနှုတ်ဆက်ပါတယ်။

အဲ့ဒီ့အချိန် ဆိုင်ထဲက ကောင်တာအသီးသီးမှာ Customers လေး ၊ ငါး ၊ ခြောက် ယောက်လောက်  ရှိနေတယ် ။ပါလာတဲ့ ဂျာနယ်ကို လက်ဆောင်ပေးလိုက်တော့ ဆိုင်ပိုင်ရှင်အမျိုးသားက ဂျာနယ်ကို ဖြန့်ဖတ်ရင်း နှုတ်ကနေ “သတင်းထောက် မကြီး ငြိမ်းငြိမ်းပြည့် ” လို့ ရွတ်ပါတယ်။အဲ့ဒီ့အချိန် ကျမက ကောင်တာထဲမှာ အသစ်ရောက်နေတဲ့ Products တွေကို ကြည့်နေခဲ့တယ်။

ကျမရဲ့ ဘေးဘက်က ကောင်တာမှာ ငွေချေပြီး လက်ခံဖြတ်ပိုင်း စာရင်းသွင်းနေသံ ကြားရတယ်။

“ နာမည်က ”

“သော်ဇင်အောင်”

အဲ့ဒီ့နာမည်ကို ကြားဖူးသလိုပဲလို့ ထင်မိတယ်။ဘာရယ်မဟုတ်ဘဲ လှမ်းကြည့်လိုက်တော့ ကင်မရာဝယ်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဦးလေးကြီးတစ်ယောက်။ တရုတ်နဲ့ခပ်ဆင်ဆင် အသားဖြူဖြူတွေ။အဲ့ဒီ့ကောင်လေးကလည်း ကျမကို စူးစမ်းသလို သေချာကြည့်နေတယ်။

“ ငါ့ရုပ်ဆိုးဆိုးကိုတော့  လှလို့ကြည့်တာ မဖြစ်နိုင်ပါဘူး”

ဆိုတဲ့   ယုံကြည်ချက်ကလည်း ကျမအသိမှာ ကပ်ညှိပြီးသားဆိုတော့ စိတ်ထဲမှာ အထူးတလည်တော့ မခံစားရပါဘူး ။ဒါပေမယ့် ..ဒီမျက်နှာကို ဘယ်မှာ မြင်ဖူးပါလိမ့်… လို့တော့  တွေးမိတယ်။

ခဏနေတော့ ကျမလည်း အသစ်ရောက်တဲ့ မော်ဒယ်လ်တွေရဲ့ Specifications တွေယူပြီး ပြန်ထွက်လာခဲ့တယ်။ဆိုင်ရှေ့ Platform ပေါ်ရောက်တဲ့ အချိန်မှာ ခုနက ကောင်လေး ရပ်နေတာ တွေ့ရတယ်။သူ့ကိစ္စနဲ့သူ ဘာမှ မဆိုင်တာမို့လို့  လှည့်ထွက်လာလိုက်တာပေါ့။

“ငြိမ်း ၊ ငြိမ်းငြိမ်းပြည့်  ၊ နင် မအူပင်က ငြိမ်းငြိမ်းပြည့် မဟုတ်လား”

ဆိုတဲ့ အသံကြားလိုက်ရတော့ ကျမ တအံ့တသြ ဖြစ်မိသွားတယ်။ခုနက ကောင်လေးဆီက ထွက်လာတဲ့ အသံပါ ။ ဟုတ်ပါတယ်။မအူပင် မှာ လွန်ခဲ့တဲ့  ဆယ်နှစ်ဝန်းကျင်လောက်ထိ နေခဲ့ဖူးတယ်။လွန်ခဲံ့ တဲ့   ၁၆ နှစ်ဝန်းကျင်ကာလကနေ လွန်ခဲ့တဲ့ ၉  နှစ်ကျော်လောက်အထိ နေခဲ့ဖူးတယ်လေ။

“ဟုတ်တယ် ၊ ငါ မအူပင် က ငြိမ်းငြိမ်းပြည့် ၊ နင်က”

“ငါ သော်ဇင်အောင်လေ ၊မမှတ်မိဘူးလား”

တဲ့ ။အဲ့ဒီ့တော့မှ သူ့အသံ ၊ သူ့ရုပ်နဲ့ သူ့နာမည်ကို ကျမကောင်းကောင်းကြီး ဆက်စပ် မှတ်မိ သွားရင်း အံ့လည်း အံ့သြ ၊ ၀မ်းလည်းဝမ်းသာ ၊ ရယ်လည်း ရယ်ချင် ဖြစ်မိသွားတယ်။

“ငါ့ဖေဖေ ပါတယ် ၊ ကားပေါ်မှာ စောင့်နေတယ် ၊ ငါတို့ ဒီနေ့ တောင်ကြီး ပြန်မှာ ၊ နင်အခု ဘာလုပ်နေလဲ ၊ ဘယ်မှာ နေလဲ ”

လို့ ပြောပါတယ်။

“ငါ အခု မော်ဒန်ဂျာနယ်မှာ  Reporter လုပ်နေတယ် ၊ နင့်ကိုငါ မမှတ်မိဘူးဟ ၊ တကယ် ၊ နင်က လန်းလာသလိုလိုပဲ ၊ အဟမ်း ..အဟမ်း”

ဆိုတော့

“အဟား ၊ ငါသိတယ်  ၊ ငါသိတယ် ၊ ဒါတောင် ရေမချိုးရသေးဘူး ၊နင်ကတော့ ပုကျွတ်လေးတုန်းကနဲ့ လုံးဝ မတူတော့ဘူး ၊ အသားကလည်း ငါးကျည်းခြောက် ၊ ပိန်လည်း ပိန် ၊ ငါ့မှာ မနည်း မှတ်မိလို့ ၊ တော်သေးတာပေါ့ ၊ ငါ့လို ဥာဏ်ကြီး ရှင်မို့လို့ ၊ မဟုတ်ရင် နင့်ကို ဘယ်က ကုလားမလဲပဲ၊ ဟား..ဟား.. ”

လို့ ကျမကို မှိုချိုး ၊ မျှစ်ချိုး ၊ ကန်စွန်းရွက်ချိုး ချီးမွှမ်းပါတယ် ။

“ငါတို့ လသာက အဒေါ်ဆီ လာတာဟ ၊ အခု တောင်ကြီးကို တန်းပြန်ရမှာ ၊ ငါ နင့်ဆီ ဖုန်းဆက်မယ် ၊ နံပါတ်ပြော ”

လို့ သူက အလောတကြီး ဟန်နဲ့ ပြောပါတယ်။

“အေး ၊ အချစ် ၊ ငါသွားပြီ ၊ ပြန်တွေ့မယ် ၊ BYE ! ”

လို့ အော်ပြီး ရပ်ထားတဲ့  MARK 2 လေးတစ်စီးပေါ် ပြေးတက်သွားပါတယ် ။ ကျမလည်း  ဆက်ကြည့်ရမလို ၊ လှည့်ထွက်ရမလို အိုးတိုးအတ ဖြစ်နေမိပြီးမှ ကိုယ့်ဟာကိုယ် ရုံးကို ပြန်ခဲ့ပါတယ် ။

*                                          *                                           *

အခုအချိန် ပြန်တွေးရင် ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခု လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ဖြစ်ခဲ့ပါတယ်။အဲ့ဒီ့တုန်းက ကျမက ပထမတန်း ကျောင်းသူ လေးပါ။

ကျမတတ်တဲ့ ကျောင်းကလေးက ဧရာဝတီတိုင်း ၊ မအူပင် မြို့နယ် နဲ့ ကျိုက်လတ်မြို့နယ် ကြားမှာ ရှိတယ်။အဲ့ဒီ့ ဒေသက ကျမ အဖေရဲ့  ငယ်ဇာတိ တဲ့ ။ ကျမ သူငယ်တန်း နှစ်မှာ အဖေက အစိုးရရုံးကနေ ထွက်လိုက်ပြီး သူ့ရွာကို ပြန်နေမယ် ဆိုတာကြောင့် မိသားစုလည်း သူနဲ့ အတူ ရန်ကုန်ကနေ အဲ့ဒီ့ ရွာကလေးကို ရောက်ခဲ့ကြပါတော့တယ် ။ဒါကြောင့်  ကျမက  တောသူမလေးပါ ။

😛   (ဤကား စကားချပ်)

ကျမ ကလေးဘ၀ တုန်းက ၀၀တုတ်တုတ် ၊ ဖြူဖြူဖွေးဖွေး ချစ်စရာလေးပါ။ 😛 ။ ငယ်ငယ်တုန်းက ဓာတ်ပုံတွေထဲမှာလေ။ကျမက ငယ်ငယ်ထဲက အကြောတင်းတင်းရယ်။အမြင်ကပ်ချင်စရာ ကောင်မလေးပေါ့ ။

အတန်းထဲမှာ ကျမ မုန်းတဲ့ ကောင်လေးတွေ ရှိတယ်။အဲ့ဒီ့ကောင်လေးတွေက တအား အစအနောက်သန်တယ်။ ကျမက စိတ်ကြီးကြီး နဲ့ဆိုတော့ တစ်နေ့တစ်နေ့ ကျမမှာ အပုံကြီး စိတ်တိုနေရတော့တာပေါ့ ။

(ဟိ..ငယ်ငယ်တုန်းက ဘာလေးတွေလည်း မသိဘူးနော်။)

ဆရာမ ဆီကို စာသွားပြရင် ကောင်လေးတွေနားကို ဖြတ်လျှောက်သွားရတယ်။အဲဒီ့တုန်းက စာတစ်ပုဒ်ပြီးပြီဆိုရင် ဆရာမဆီ အလုအယက် သူ့ထက်ငါ ဦးအောင် သွားပြကြပါတယ်။ အမြဲတမ်း အရင်ဆုံး ပြီးတဲ့သူက ကျမပေါ့ ။သူများတွေ ဟိုကုတ် ဒီကုတ်  ၊ တောင်ခြစ်မြောက်ခြစ် လုပ်နေချိန်ဆို ကျမက ဆရာမဆီ စာသွားပြနိုင်ပြီ။

ကျမ ဆရာမဆီ စာသွားပြပြီင်္ဆိုရင် ကောင်လေး လေး ၊ ငါး ၊ ခြောက်ယောက်က ကြမ်းပြင်ပေါ် ဖင် ထိုင်ချ  ၊ ခြေထောက် နှစ်ချောင်း ကိုရှေ့ဆန့်တန်းပြီး ကျမသွားမယ့် လမ်းမှာ လိုက်ခင်းကြပါလေရော ။ အသားဖြူဖြူ ၊ မျက်လုံး ၀ိုင်းဝိုင်း  ၊ နှုတ်ခမ်း ရဲရဲ လေးနဲ့ သော်ဇင်ဆိုတဲ့ ကောင်လေးရယ် ၊ အသားဖြူဖြူ ၊ အရပ်မြင့်မြင့် အာကာ ဆိုတဲ့ ကောင်လေးရယ် ၊ မျက်ခုံး ထူထူ နဲ့ ဇင်လင်း ဆိုတဲ့ ကောင်လေးရယ် ပါတယ်။အဲဒီ့အချိန်ဆို ကျမက  နှုတ်ခမ်းကြီးထော် ၊ မျက်နှာကြီး စူပုတ်ပြီး  ၊ သူတို့ ခြေထောက်တွေ ခွကျော်ရင်ကျော် ၊ မကျော်ရင် တက်နင်းပြီး ဆရာမဆီ စာသွားပြရော ။ဆရာမကလည်း အဲဒါကို မြင်ပေမယ့်  သူတို့ကို မဆူဘူး ။ကျမကို ချော့သလို သူတို့ကိုလည်း “သားသားတို့ ၊ စာလုပ်နော် ၊ စာသင်ချိန် မကစားရဘူး” လို့ပဲ ချော့ပြောတယ်။

*                                          *                                           *

တစ်နေ့ပေါ့ ၊ ဘယ်နေ့လည်းတော့ မမှတ်မိဘူး ။အဲဒီ့နေ့က ကျမက စာအုပ်လေးယူပြီး ဆရာမဆီ သွားပါတယ်။ထုံးစံအတိုင်း လမ်းမှာ ကောင်စုတ်လေးတွေက နှောင့်ယှက်ပါတယ်။အဲဒီ့နေ့ ပုံစံက တစ်မျိုး ။အရင်လို ဖင်ထိုင်ရက်လေး မဟုတ်ပါဘူး ။လက်နှစ်ဖက်ကို ဘေးဆန့်တန်းပြီး အရှေ့ကနေ ခုန်ဆွ  ၊ ခုန်ဆွ လေးနဲ့တားတယ် ။ ကျမ မျက်နှာကလည်း ခရမ်းချဉ်သီး မီးဖုတ်ဖြစ်နေလောက်ပြီပေါ့နော်။သူနဲ့ ကျမ ထုတ်စီးထိုးသလို ဖြစ်နေရင်းကနေ…

ဟား………ဟား…

ကျမ ပါးကို အာဘွား ပေးလိုက်ပါလေရော….။

ကျမလည်း စိတ်တွေဆိုးပြီး သူ့ကိုဆောင့်တွန်းလိုက်တာ သူလည်း ပလန်လက် (ပက်လက်လန်) သွားပါလေရော။ဆရာမဆီ စာသွားမပြတော့ပဲ သူငယ်ချင်းတစ်ယောက်ကို သွားပြလိုက်ခိုင်းတယ်။သူငယ်ချင်းက ဆရာမကို တိုင်ပြောပေးမယ်တဲ့။ကျမမှာလေ ရှက်လွန်းလို့  ခုံအောက်ဝင်ငို နေခဲ့တာ။

(ဟာ ဟ ၊ ကလေးသေးသေးလေးတွေ အရွယ်နော် ၊ အဲဒီ့အရွယ်လေးတွေနဲ့ ဖြစ်ပျက်နေတာများ ၊ ဟာသပဲ)

နောက်တော့ ကျမဘေးက သူငယ်ချင်းက ဆရာမကို တိုင်ပြော ပါတယ်။တစ်တန်းလုံးက ၀ိုင်းကြည့်နေကြတဲ့ အချိန်မှာ တစ်ကျောင်းလုံးက ကြောက်ရတဲ့ ဆရာမ ဒေါ်မြင့်မြင့်ခိုင် ရောက်လာပါတယ်။

ဆရာမက ကောင်လေးကို မတ်တပ်ရပ် ၊လက်ပိုက်ခိုင်းပါတယ်။သူ့အရပ်ကလေးက ဆရာမ ဗိုက်အောက်လောက်ပဲ ရှိတာမို့လို့  မျက်လုံး ၀ိုင်းဝိုင်းလေးတွေနဲ့ ဆရာမကို မော့ကြည့်နေတယ်။တစ်ခြား အတန်းတွေက သူတွေပါ လာဝိုင်းကြည့်ကြတာများ ရှက်စရာကြီး ။

ဆရာမက-

“သားသား ၊ မီးမီးကို ဖက်နမ်းတယ်ဆို ”

လို့ မေးတော့ သူက ခေါင်းကို ငုံ့လိုက်ပြီး ဘာမှ ပြန်မပြောပါဘူး။

“ဆရာမ မေးနေတာကို ဖြေလေ ၊ ဟုတ်လား ၊ မဟုတ်ဘူးလား  ”

“ဟုတ်…..ကဲ့ ”

အသံတိမ်တိမ် ကြောက်ဆုပ် ကြောက်ဆုပ် ပုံစံလေးနဲ့ပါ။

“ ဘာလို့ နမ်းရတာတုန်း ၊  ဟမ် ၊ ဆရာမကို ပြောပြပါဦး ”

“…………………”

“ပြောပါဦး ၊ ဘာလို့ နမ်းရတာလဲ ”

“သူ့ကို နမ်းချင်လို့ ”

“ဟောတော် ၊ ဘာလို့ တုန်း ”

“ချစ်လို့ ”

ကျန်တဲ့ ဆရာမတွေ ဆီကရော ၊ အတန်းကြီးတွေ ဆီကရော အားလုံးဆီက ရယ်သံတွေ လျှံထွက်လာပါတယ်။ဒေါ်မြင့်မြင့်ခိုင်ကတော့ ရုပ်တည်ကြီးနဲ့ပါ။

“ဟုတ်လား ၊ချစ်လို့လား ၊ဒါဆို ဆရာမကို နမ်း ”

ကောင်လေး တုတ်တုတ်မလှုပ်ပါ။

“ဟော ၊နမ်းလေ ၊ ဆရာမကို နမ်းလို့ ပြောနေတယ်လေ ၊ သားသား ”

“ ဟင့်…အင်းးးးးး ”

“ ဟင် ၊ ဒ်ါဆို ဆရာမကို မချစ်ဘူးပေါ့ ၊ ဟုတ်လား ”

“ ဟင့်..ဟင့်.ဟီးးး…ဗြဲ…”

မျက်ရည်တွေ ကျလာရာကနေ ကောင်လေး အော်ငိုပါလေရော။နောက်တော့ အဲဒါ ဘယ်လို အဆုံးသတ်သွားလဲ တကယ်မမှတ်မိပါ။

နောက်နှစ်တွေမှာ သူကျောင်းပြောင်းသွားပါတယ်။ဒါပေမယ့် လေးတန်းအထိ အတန်းထဲမှာ သူ့နာမည်ကို ရံဖန်ရံခါ ကြားရတတ်ပါတယ်။သူ့သူငယ်ချင်းတွေက ကျမနဲ့ တစ်တန်းတည်းပဲလေ။တစ်ခါကဆို သူကနာမည်ရေးထားတဲ့ စာအုပ်ကြီး ကျမကို လာပေးလို့စိတ်တွေ ဆိုးလိုက်ရတာ ။အဲဒီ့ကျောင်းမှာ နေခဲ့တဲ့ လေးတန်းအထိ ကျမမှာ ရှက်လို့ ကောင်းတုန်း ။

အင်းးးးးးး…အဲဒါ သော်ဇင်အောင်ဆိုတဲ့ ကောင်းလေးလေ ။

မေကြီးကတော့ ပြောတယ် ။

“ကလေးသေးသေးလေးတွေ ဆိုတော့ ဘာရယ်ညာရယ် မဟုတ်ဘူး ၊ ချစ်လို့ နမ်းလိုက်တာ နေမှာပေါ့ ” တဲ့။

ကျမ လေးတန်း နှစ် တုန်းက သူ ကျောင်းကိုလာပြီး ကျမတို့နဲ့  ကစားသွားတယ် ။

*                                          *                                           *

ဆယ်တန်းနှစ်က ကျမ မွေးနေ့မှာ ကျမရဲ့ အချစ်ဆုံး သူငယ်ချင်းတွေက  အာဘွား ပေးပါတယ်။ပြီးတော့….

“ငြိမ်းလေး  ၊ နင့်ပါးကို ဘယ်သူတွေ နမ်းဖူးသေးလဲ ”

လို့ နောက်ပါတယ်။ကျမကလည်း …

“ နင်တို့တွေပဲလေ ၊ ပြီးတော့ …”

ဆိုပြီး ရပ်လိုက်တော့…

“ဟယ်..ကြည့်စမ်း ၊ ကြည့်စမ်း ၊ ပြီးတော့ ဘယ်သူတုန်း ”

လို့ ၀ိုင်းမေးကြတယ်။

“သြော် ၊ ငါ့ အဖေ နဲ့ အမေပေါ့ဟဲ့ ”

လို့ ပြောမှ…

“ဟွင်းးးးးးးး….”

ဆိုပြီး နှာမှုတ်သံတွေနဲ့  နောက်ပြန်ဆုတ်သွားကြပါတယ်။

*                                          *                                           *

အခု တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့တော့  ငယ်ငယ်တုန်းက အဖြစ်အပျက်က တကယ့်ကို ရယ်စရာပါ။ဘာမဟုတ်တဲ့ လက်တောက်လောက် အရွယ်လေးတွေနဲ့  ဖြစ်ပျက်နေတာများ ။အံ့စရာ ၊ ဟာသပဲ ။

Advertisements

3 thoughts on “Story

  1. ဟားဟား မိပြီကွ။။။ kwi~kwi~
    မငြိမ်းတို့ ကဲထားတာ 😛
    winnie’ s story ka different ;P

  2. အံမယ်…အံမယ်….အန်တီဝင်နီ ကလည်း…
    ငြိမ်းက ကဲတာ မဟုတ်ဘူးလေ..သူက ကဲတာကို……
    အဟက်ဟက်

  3. Then,your first owner is Thaw Zin . Isn’t it ? XD
    You don’t forget about it .
    If you wanna love another ones , you will be betrayer of Thaw Zin .
    Warning ! Warning ! Warning !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s