လူပျောက်

Miss you

I never thought that I’m gonna miss you, The friend I cherish and treasure like you. I really never thought that I’m gonna miss you, But here I am now missing you. (written by Chris M..)

လေရူးတစ်အုပ်ရဲ့ အလည်အပတ်လို

အတင်းကာရော ဝင်လာ

ရုပ်ချည်း ပြန်ထွက်ခွာ

ဒီကမ္ဘာမှာက

လားရာမဲ့တဲ့အမှတ်တရတွေ ဖြာဖြာဝေ

ပြီးတော့

ခြေရာပျောက်သွားတဲ့  အိပ်မက်အကြွေ ။

 

ငြိမ်းငြိမ်းပြည့်

ဇန်နဝါရီ ၇ ၊ ၂၀၁၂

နေ့လည် ၁၂း၃၆

Advertisements

Better than it

Come on ,wind !

Blow through me sharply and share me suffering

Take me and throw away from the bleak labelling

Break all risks and clear the cognition

Tear me into tiny pieces by your provocation

Cut off my head and make me ending

It could be better than misunderstanding .

Come on,rain !

Drop on me heavily and give me pains

Shoot me and bury in the pouring drain

Flow in my eyes and send to the ocean of blame

Hit me like a hammer over and over again

Stop my breath and let me pass away to plain

It could be better than shame .

Nyein Nyein Pyae

06:45pm

Jan 2,2012 (Mon)

On the bus ,way to home

It’s windy and rainy evening in Yangon .

 

စိတ်ဓာတ်ကျမှုအား တကိုယ်ရည်တွန်းလှန်ခြင်း


ကျွန်မ ခပ်ငယ်ငယ်က “စိတ်ဓာတ်ကျခြင်း” ဆိုတဲ့စကားလုံးကို ထူးထူးထွေထွေသိပ်မခံစားတတ်ပါဘူး။ ပြီးတော့ ကျွန်မနဲ့လည်း အဲဒီ့စကားလုံးက ရင်းနှီးကျွမ်းဝင်မရှိပါဘူး။ကလေးအရွယ်ခပ်ငယ်ငယ်ကျွန်မ ထင်ခဲ့တာက နိုင်ငံခြားကလူတွေမှာ စိတ်ကျရောဂါ ဖြစ်တတ်တယ်လို့ပေါ့။

တကယ်တမ်းတော့ ကျွန်မတို့ဘဝတွေမှာ နေရာဒေသမရွေး တစ်နည်းနည်းနဲ့ စိတ်ဓာတ်ကျစရာတွေ တွေ့ကြုံ နေရပါတယ်။ ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းကျယ်လာလေလေ ၊ ဆက်ဆံရတဲ့ လူတွေများလေလေ ၊ လုပ်ကိုင်ရတဲ့ နယ်ပယ်ကျယ်လေလေ ၊ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ တွေ့ဆုံလေလေ ၊ ဖိအားတွေများလေလေ ၊ ယှဉ်ပြိုင်မှု တွေများလေလေ ၊ ထိုးနှက်ချက်တွေ ခံရလေလေ ကျွန်မတို့မှာ စိတ်ဓာတ်ကျစရာတွေက  တစ်ခုမဟုတ်တစ်ခု ပေါ်လာတတ်ပါတယ်။ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ ကျွန်မတို့တစ်ဦးချင်းစီရဲ့ စိတ်ကျန်းမာရေးအခြေအနေ အပေါ်အများကြီးသက်ရောက်မှုရှိနေပါတယ်။

စိတ်ဓာတ်ကျမှုကို ရှုံးနိမ့်နေချိန်မှသာ ခံစားရတာမဟုတ်ပါဘူး။အောင်မြင်နေချိန်တွေမှာလည်း စိတ်ဓာတ်ကျမှုကို တပြိုင်နက်ခံစားရတတ်တယ်လို့ ကျွန်မပြောရင် ငြင်းမယ့်သူတွေရှိကောင်းရှိမှာပါ။ကျွန်မအနေနဲ့တော့ အဲဒါက မမှားပါဘူး။ ကိုယ့်ရဲ့အောင်မြင်မှုအပေါ် ၊ လမ်းမှန်ထဲအဆင်ပြေပြေရောက်ရှိမှုအပေါ် တချို့သောအရာတွေက ရစရာမရှိအောင် ထိုးနှက်တတ်ကြပါတယ်။ အဲဒီ့အခါ ကျွန်မတို့တွေဟာ စိတ်ပျက်ခြင်း၊ဒေါသထွက်ခြင်းကနေ ဝမ်းနည်းခြင်းတွေ ၊ ပူလောင်ခြင်းတွေ ခံစားရတတ်တယ်။အဲဒီ့ကမှတစ်ဆင့်အတွင်းစိတ်ထဲမှာ စိတ်ဓာတ်ကျမှုက လူမသိသူမသိ တွဲလဲခိုသွား တတ်ပါတယ်။

စိတ်ဓာတ်ကျခြင်းဟာ ကျွန်မတို့ဘဝကို အဖက်ဆယ်မရအောင်အထိ ဗုန်းဗုန်းလဲကျသွားစေနိုင်တဲ့ ဆိုးရွားတဲ့ ကိုယ်ပျောက်လက်နက်တစ်မျိုးပါ။သူဟာ ကျွန်မတို့ရဲ့ ဘဝအောင်မြင်ရေးမှာ အန္တရာယ်အကြီးဆုံးပါပဲ။ ကျွန်မ သိသလောက် သူမဝင်လာနိုင်အောင် သောက်ရ၊လိမ်းရ၊ထိုးရတဲ့ ကာကွယ်ဆေးတွေ မပေါ်သေးပါဘူး။ ကျွန်မတို့ရဲ့ အရင်းခံ ကိုယ်ပိုင်စိတ်အခြေအနေ ကသာ တစ်ခုတည်းသော ခံစစ်ပါပဲ။တစ်ချောင်ချောင်ကနေ သူဝင်လာတဲ့အခါ ကျွန်မတို့ရဲ့ ခံစစ်အင်အား အလိုက် သူက နယ်ချဲ့ပါလိမ့်မယ်။

ကျွန်မ တကိုယ်စာ မွေးမြူပျိုးထောင်ထားတဲ့ ကုထုံးလေးတွေရှိပါတယ်။တစ်ချို့တွေအတွက်တော့ မထူးဆန်းပဲ နေမှာပါ။ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ စိတ်ဓာတ်ကျမှုတွေ အကြိမ်ကြိမ်ခံစားဖူးရာကနေ ရလာတဲ့ ကုထုံးတွေမို့လို့ မျှဝေလိုက်ပါတယ်။

တကိုယ်ရည် ကုထုံးများ (၁)

“အခက်အခဲတွေမှာ ပျော်မွေ့ခြင်း” ဟာ ကျွန်မရဲ့ တကိုယ်ရည်ကုထုံးထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်မဟာ အခက်အခဲတွေကို တွေ့တိုင်း ကြိတ်ပြုံးမိပါတယ်။ ကျွန်မဖတ်ဖူးတဲ့စာတွေအရ နယ်ပယ်အသီးသီးမှာ ထိပ်တန်းရောက်နေတဲ့ လူတွေရဲ့ဖြစ်စဉ်တွေမှာ အခက်အခဲတွေ ၊ ရှုံးနိမ့်မှုတွေ၊ဒုက္ခတွေ၊ အကျပ်အတည်းတွေ  ထူလပျစ်တောင်ပုံရာပုံ ရှိကိုရှိခဲ့ဖူးပါတယ်။ဒီလိုဆိုလို့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုထိပ်တန်း   ရောက်မယ့်သူလို့ထင်ပြီး အခြောက်တိုက်ဘဝင်မြင့်နေတာ မဟုတ်ပါဘူး။ကျွန်မတို့အားလုံးဟာ သူ့နယ်ပယ်နဲ့သူ ၊ သူ့ဘဝနဲ့သူတော့ အောက်တန်းနောက်တန်းကျချင်တဲ့သူ တစ်ယောက်မှ မရှိ ပါဘူး။ ထိပ်တန်းရောက်ချင်တဲ့သူက အများသားပါ။ ဒါပေမယ့် အားလုံးဟာ ထိပ်တန်းမရောက်ကြပါဘူး ။ ဒါဟာ ဘာကြောင့်လဲဆိုရင် အခက်အခဲတွေကို လက်ခံကျော်ဖြတ်ပုံခြင်း မတူလို့ပဲြ့ဖစ်ပါလိမ့်မယ်။

ကျွန်မတို့ ဘဝမှာ အခက်အခဲတွေကို မဖြစ်မနေ ကြုံတွေ့ရပါမယ်။စိန်ခေါ်မှုတွေ၊ထိုးနှက်ချက်တွေကို ရင်ဆိုင်ကြရပါမယ်။ကျွန်မတို့ဟာ ဒီအရာတွေကို ကျိန်းသေပေါက် ခံနိုင်ရည်ရှိရပါမယ်။ကျွန်မတို့ရဲ့ နယ်ပယ်ကျယ်လာလေ အခက်အခဲတွေ၊အတားအဆီးတွေ၊စိန်ခေါ်မှုတွေ ထိုးနှက်ချက်တွေက ပိုပြင်းထန်လာလေပါပဲ ။ကျွန်မတို့ဟာ စိန်ခေါ်မှုကြီးကြီးကို ရင်ဆိုင်ရတဲ့အခါ ဒဏ်ရာကြီးကြီးရှုံးနိမ့်မှုကြီးကြီးကို ရနိုင်သလို အောင်မြင်မှုကြီးကြီးကိုလည်း ရနိုင်ပါတယ်။အဲဒီ့စိန်ခေါ်မှုဆိုတဲ့ ဆူးခင်းခရောင်းလမ်းကို ခံနိုင်ရည်ရှိရှိ ဆင်ခြင်ဥာဏ်ရှိရှိ ကျော်လွှားနိုင်ပြီးပြီ ဆိုရင်တော့ ကျွန်မတို့ဟာ တန်ဖိုးကြီးကြီးသင်ခန်းစာတစ်ခုကို ဧကန်မုချ ပိုင်ဆိုင်ရပါပြီ။အဲဒီ့သင်ခန်းစာက နောက်တစ်ဆင့်မြင့်သွားပြီဖြစ်တဲ့

ရှေ့လာမယ့်စိန်ခေါ်မှုတွေကို တောင့်ခံဖို့ အားတစ်ခုလည်းဖြစ်လာပါတယ်။ အခက်အခဲတွေကို ရင်မဆိုင်ဘဲ ရှောင်ပြေးသူအနေနဲ့ အပြည့်အဝပျော်ရွှင်မှုနဲ့ အနှစ် သာရရှိတဲ့အောင်မြင်မှုကို ဘယ်တော့မှ မရနိုင်ဘူးလို့ ကျွန်မထင်တယ်။ကျွန်မတို့ဘဝမှာ ဘယ်လောက်ထိ အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာကို ကျွန်မတို့ အခက်အခဲဘယ်လောက်များများကိုဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပုံဖော်ကြည့်ရပါမယ်။

ထင်သာမြင်သာ ပြောရရင် ဘဝဟာ ဂိမ်းကစားပွဲနဲ့ အလားသဏ္ဍာန်တူပါတယ်။ကျွန်မတို့ဟာ လယ်ဗယ်တစ်ခုပြီး တစ်ခုတက်ဖို့ အဆက်မပြတ် ရင်ဆိုင်နေရတယ်။လယ်ဗယ်ပိုမြင့်လာလေ  ပိုခက်လာလေပေါ့။အခက်အခဲသစ်တစ်မျိုးကို အောင်မြင်ပြီးမှသာ ကျွန်မတို့ဟာ ပိုမြင့်တဲ့ လယ်ဗယ်တစ်ခုကို ရောက်နိုင်ပါတယ်။ဒါကြောင့် အခက်အခဲဆိုတာ ကျွန်မတို့ကို လက်ရှိထက်မြင့်တဲ့ အနေအထားတစ်ခုဆီ ပို့ပေးဖို့ စမ်းသပ်မှုပဲလို့ ကျွန်မခံယူထားပါတယ်။

ကျွန်မအနေနဲ့ အခုဆိုရင် အခက်အခဲတွေကို တွေ့တဲ့အခါ မကြောက်တော့ပါဘူး၊စိတ်မပျက်တော့ပါဘူး။ ဒီအခက်အခဲတွေဟာ ကျွန်မတို့ကို တန်ဖိုးမြှင့်ပေးမယ့် ကျောက်မျက်ရတနာတွေ ၊ အရောင်အသွေးချယ်ပေး မယ့် ဆေးရောင်စုံတွေ ၊ ခံနိုင်ရည်စမ်းသပ်တဲ့ ဖိအားတွေ … လို့ပဲ ပြောင်းလဲမြင်လိုက်ပါတယ်။ပိုတိုးတက်လေ စိန်ခေါ်မှုတွေကို ပိုတွေ့ရလေဖြစ်မှာပဲ မဟုတ်ပါလား။

*                                     *

ဒါဖြင့် ကျွန်မတို့တွေ မမှားကြတော့ဘူးလား ။ အမှားကြောင့် ဒုက္ခမရောက်ကြဘူးလား ။ ဟုတ်ကဲ့.. ကျိန်းသေပေါက် မှားဖူးကြပါတယ်။ တခါတစ်လေမှာ အကောင်းဆုံးကြိုးစားနေတဲ့ကြားက ကျွန်မတို့တွေ ဆုံးရှုံးသွားတတ်ကြပါတယ်။ဒါပေမယ့် ဒါဟာ စိတ်ပျက်လက်လျှော့စရာမဟုတ်ပါဘူး။ကျွန်မတို့ ကြိုးစားကြည့် ခဲ့ကြတယ်ဆိုတဲ့ အတွေ့အကြုံက အမြတ်ပါ။ကျွန်မတို့ လုံးဝရှုံးတာမဟုတ်ပါဘူး။အချည်းနှီး သက်သက် ဘာမှမလုပ်ကြည့်၊ ဘာမှမကြိုးစားကြည့်၊ ဘာမှ မရှုံးဖူးတာထက်စာရင် ကြိုးစားကြည့်ရက်နဲ့ ရှုံးဖူးတာက မြတ်ပါတယ်။

ကျွန်မတို့ဟာ ဆုံးရှုံးမှုတစ်ခုကို ကြုံနေရပြီဆိုရင်တောင် ဒါကို တစ်ဘဝစာအတွက် အရှုံးအဖြစ် သတ်မှတ်ဖို့မလိုပါဘူး။ကျွန်မတို့ဟာ

ဘယ်တော့..ဘယ်တော့..ဘယ်တော့မှ အရှုံးပေးစရာ မလိုပါဘူး။ ကျွန်မကြားဖူးတဲ့ ဂျပန်စကားပုံတစ်ခုရှိပါတယ်။”ခုနှစ်ကြိမ်လဲရင် ၊ရှစ်ကြိမ်ပြန်ထမယ်”တဲ့ ။ပြီးတော့ ရှိသေးတယ်။ “လဲကျမှာကို မစိုးရိမ်ဘူး၊ပြန်မထနိုင်မှာကိုပဲ စိုးတယ်” တဲ့။ဟုတ်ပါတယ်။ ကျွန်မတို့ဟာ ရှုံးဖူးတဲ့ အရှုံးထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင်တော့ တစ်သက်လုံးနာလန်ထူတော့မှာ မဟုတ်ပါဘူး။အခက်အခဲတွေကို ကျော်ဖြတ်ချိန်မှာ ဆုံးရှုံးသွားလို့ ၊ မှားသွားလို့ အဲဒီ့နေရာမှာတင် ရပ်တန့်အရှုံးပေးလိုက်မယ်ဆိုရင်တော့ နာမည်ဆိုးနဲ့ပဲ သက်ဆိုးရှည်ရမှာပေါ့။ ကျွန်မတို့ဟာ လဲကျရင် ၊ မှားယွင်းရင် ကျိန်းသေပေါက် ပြန်ထူမတ်အမှန်ပြင်ရပါမယ်။အမှားကြောင့်ရလာတဲ့ ဒုက္ခကို ချေမှုန်းပစ်ဖို့ ဆုံးခန်းတိုင်အောင် ကျွန်မတို့ ပြန်ထပြီးလျှောက်ရပါမယ်။

ဘဝမှာ တစ်ခါတစ်လေ ၊ ကြိမ်ဖန်များစွာ အရှုံးကိုကြုံကြရတတ်တယ်။အမှားကိုကြုံကြရတတ်တယ်။ အဲဒီ့အခါ ဘာမှဆက်မလုပ်ချင် ဖြစ်တတ်တယ်။အကောင်းဆုံးနဲ့တစ်ခုတည်းသော နည်းလမ်းကတော့ သတ္တိရှိရှိ ရင်ဆိုင် လိုက်ပါ။အဲဒီ့အဖြစ်ကိုသင်ခန်းစာယူလိုက်ပါ။ အမှားကိုပြင်ပြီး ပိုအရှိန်ပြင်းတဲ့အဟုန်နဲ့ လူတကာမထင်မှတ်ထား လောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြလိုက်ပါ။ မကြာခင်မှာ ပျော်ရွှင်မှုကို ပိုင်ဆိုင်ရပါလိမ့်မယ်။

အခက်အခဲတွေမှာ ပျော်မွေ့လာပြီဆိုရင် စိတ်ဓာတ်ကျမှုကို အလိုလို မေ့လျော့လာပါလိမ့်မယ်။

*                                            *

 

တကိုယ်ရည် ကုထုံးများ (၂)

ကျွန်မအနေနဲ့ အခုနောက်ပိုင်း ကျင့်သုံးလာတဲ့နည်းက စိတ်ကို အလယ်လမ်းကြောင်းမှာသာ တဖြောင့်တည်း ထားနိုင်အောင်ကြိုးစားတာပါ။ဥပမာအနေနဲ့—- ချီးမွမ်းခံရတဲ့အခါ “ငါတယ်ဟုတ်ပါလား၊ငါကွ” ဆိုတဲ့ အပေါ်မြောက်စိတ်နဲ့ ကဲ့ရဲ့ပြစ်တင်ခံရတဲ့အခါ “ဆိုးရွားလှပါလားနော်၊စိတ်ညစ်လိုက်တာ၊သေချင်တာပဲ” ဆိုတဲ့ အောက်ကျစိတ် ၊ အစွန်းနှစ်ဖက်စိတ်ဓာတ်နှစ်မျိုးစလုံးကို မခံစားမိအောင် ကျင့်ကြံပါတယ်။ဒါကြောင့် ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းတွေမှာ မသာယာမိတော့တဲ့အခါ အဲဒီ့အရာနှစ်ခုအပြောင်းအလဲကြောင့် အထိနာစရာလည်း မရှိတော့ဘူးလို့ ကျွန်မထင်ပါတယ်။ ။အဓိက အရေးကြီးဆုံးအရာက အစွန်းနှစ်ဖက် ဘယ်ဘက်ကပဲ ရိုက်ခတ်နေနေ ကျွန်မတို့ဟာ ကိုယ်လျှောက်ရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မနားမနေ ဆက်လျှောက်နေဖို့လေ။

ပတ်ဝန်းကျင်ရဲ့စကားကြောင့် စိတ်ဒဏ်ရာမရဘူးဆိုရင် ကျွန်မတို့အနေနဲ့ စိတ်ဓာတ်ကျဖို့လမ်းစဝေးရာဝေးကြောင်းမှာ

နေနေရသလိုပါပဲ။ စိတ်လှုပ်ရှားမှုနည်းတာဟာ စိတ်ဓာတ်ကျမှုကို တောင့်ခံထားနိုင်တဲ့ အားကောင်းတဲ့ တံတိုင်းပါ။

*                                           *

တကိုယ်ရည် ကုထုံးများ (၃)

ဒီနေရာမှာ အရေးတကြီးပြောချင်တာက “အကောင်းမြင်စိတ်မွေးပါ” ဆိုတာပါပဲ။အကောင်းမြင်စိတ်မမွေးကြတဲ့ လူတော်တော်များများကို တွေ့ဖူးပါတယ်။များသောအားဖြင့် သူတို့ရဲ့လက်သုံးစကားက “မြင်တာပြောတာ၊မှန်တာပြောတာ” ဆိုတာပါပဲ။ကျွန်မအမြင်မှာတော့ သူတို့ဟာ ဘာမဟုတ်တာလေးတစ်ခု ကနေ ကြီးကျယ်ခမ်းနားတဲ့အရာတွေအထိ အပြစ်ဆိုစကားကို အရင်ဆုံးလွယ်လွယ်ကူကူ လွှတ်ခနဲ ပြောတတ်ကြပါတယ်။အဖြစ်အပျက်တစ်ခုကို ရှုမြင်တဲ့အခါ အဆိုးမြင်ဘက်တစ်ခုတည်းကသာ သုံးသပ်ကြပါတယ်။သူတို့မှာ အဖြူမရှိဘူး ၊ မီးခိုးမရှိဘူး ၊ အမည်းတစ်ခုတည်းသာ ရှိပါတယ်။

ကျွန်မအထင် အဲဒီ့လူတွေဟာ လွယ်လွယ်ကူကူလည်းပဲ ရယ်မောတတ်ကြတဲ့တိုင်အောင် တကယ့်ပျော်ရွှင်မှုကို မခံစားကြရရှာပါဘူး။အဆိုးမြင်စိတ်သိပ်များတဲ့သူတွေမှာ စိတ်ကျရောဂါခံစားရရင် ဖြေသိမ့်ဖို့ ခက်ပါလိမ့်မယ်။ သူဟာ သူတစ်ပါးနဲ့ အခြားသောအရာတွေရဲ့ အပြစ်တွေကိုပဲ မြင်ပြီး စိတ်တိုင်းမကျ ၊ အလိုမကျစိတ်နဲ့ ပူလောင်နေတတ်တယ်။ဒါကြောင့် အဖြစ်မှန် ၊ အဖြေမှန်ကို ရှာတွေ့ဖို့ ခက်သွားပါတယ်။

အခြားတစ်ဖက်ကနေ တွေးကြည့်ကြပါစို့ ။ အဆိုးမြင်သမား A ဟာ တစ်ခြားတစ်ယောက်ဖြစ်တဲ့ B နဲ့ ယှဉ်ပြိုင်မှုတစ်ခုလုပ်ပြီဆိုပါတော့။ A ဟာ ကိုယ့်အလုပ်ကို အာရုံစိုက်မယ့်အစား B ရဲ့ ပြစ်ချက်တွေကိုသာ မြင်ပြီး B ကို အပြစ်မရှိအပြစ်ရှာ ထိုးနှက်တိုက်ခိုက်ပါလိမ့်မယ်။အဲဒီ့လို သူပြောလို့ B ရဲ့ အပြစ်တွေပေါ်လာတဲ့ အခါ ပတ်ဝန်းကျင်အမြင်မှာ B ဟာရှုံးနိမ့်သွားလိမ့်မယ်လို့ A က ထင်ထားတတ်ပါတယ်။ ဒီနေရာမှာ B က မလိမ္မာသူ တစ်ယောက်သာဖြစ်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် အမုန်းတွေပွားပြီး အကျိုးမဲ့ရမယ့် အဖြစ်ပါ။ တကယ်လို့များ B ကသာ လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် B ကိုယ်တိုင်သတိမထားမိတဲ့ ပြစ်ချက် ၊ အားနည်းချက်တွေကို A ရဲ့ ကဲ့ရဲ့ချက်တွေကနေ သိလာပါမယ်။ Aရဲ့အမြင်တွေကနေ B ဟာကောက်ယူပြီး သူ့ကိုယ်သူ ပြင်ရင်းပြင်ရင်း နောက်ဆုံးမှာ B ဟာ ပြီးပြည့်စုံမှုဆီ ရောက်ရှိသွားပါလိမ့်မယ်။ A ကတော့ သူများအပြစ်ကိုသာပြောနေရင်း၊အဆိုးမြင်နေရင်း သူ့ကိုယ်သူ ပျောက်ဆုံးလို့ ..ပြန်ကြည့်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် အဆိုးမြင်တတ်သူတွေဟာ နောက်ဆုံးမှာ ရန်သူကို အကြံကောင်းတွေပေးသလို ဖြစ်ပြီး သူ့ဘက်သူတော့ ခံစစ်မရှိတဲ့ တပ်ပျက်ကြီးဖြစ်သွားတတ်ပါတယ်။

ကျွန်မပြောချင်တာက အကောင်းမြင်စိတ်မွေးပါ။အကောင်းမြင်စိတ်ရှိတာဟာ စိတ်ဓာတ်ကျမှုကနေ ကျွန်မတို့ကို ကျွန်မတို့ ကာကွယ်နိုင်ပါတယ်။အရေးကြီးတာက သူများကိုအဆိုးမြင်ဖို့ထက် ကိုယ့်ကိုယ်ကိုသာ ဘာတွေအားနည်းနေသလဲ ပြစ်ချက်ရှာပြီး ပြုပြင်ရမှာပါ။

 

*                                          *

ဆက်ရန်…..

 

ငြိမ်းငြိမ်းပြည့်

  1. နိုဝင်ဘာ ၂၂ ၊ ၂၀၁၁

အင်္ဂါနေ့ည ၁၁ နာရီ

ချစ်သောမေမေ (၁)

သေးငယ်သောအတွေးကလေးများသည် ကျွန်မအခန်းပြတင်းပေါက်၏ ဟိုမှာဘက်မှနေ၍ တံခါးခေါက်သံပြုကာ ရစ်သီရစ်သီနေကြကုန်၏ ။လွတ်လပ်စွာမွေးဖွားရှင်သန်လေ့ရှိသော သူတို့အား နေခြည်နွေးနွေး မနက်ခင်းတွင် နေရာချပြီး ကိုယ်စိတ်နှလုံး သန့်ရှင်း စင်ကြယ်ခြင်းဖြင့်  နှုတ်ခွန်းဆက်သလိုက်သည်။ ကမ္ဘာ့လောက၏ မီးအိမ်ရှင်သည် အရှေ့ဘက်တောင်တန်းများပေါ်မှ ခေါင်းပြူထွက်ကာ ချောင်းမြောင်းကြည့်ရှုနေလေပြီ ။

နံနက်ခင်း၏ ကျေးငှက်များက အဝါရောင်ဂျုံခင်းများရှိရာဒေသသို့   အလည်လိုက်ရန် တောင်းဆိုလာသည် ။ကောက်ရိုးဦးထုတ်ဆောင်းထားသည့် ပိန်ပိန်ဖျော့ဖျော့ ကလေးမလေးက အဝါရောင် တောပန်းလေးတစ်ပွင့်ကို နားရွက်နောက်မှာ ကပိုကရို ပန်ဆင်ရင်း  တေးဆိုနေ၏ ။ မျက်လုံးကြည်ကြည်လေးတွေနှင့် ထိုကလေးမလေးက သူ့လက်ထဲဆုပ်၍ ကိုင်ထားသော တောပန်းရောင်စုံလေးများကို မြှောက်ပြရင်း အော်ပြောနေသည်။

သမီး မေမေအတွက် ပန်းကလေးတွေ ဖဲကြိုးစည်းပြီး လက်ဆောင်ပေးမလို့   လေ ၊ မေမေသာ သမီးရဲ့ လက်ဆောင်ကိုမြင်ရင် သိပ်ပျော်မှာပဲနော်

ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ အမေတစ်ယောက်ရဲ့ ရင်ငွေ့ကြောင့် ပြီးပြည့်စုံနေခဲ့ပါတယ်။

ကျွန်မသည် ထိုကလေးမလေး၏ စကားအဆုံးတွင်  မှင်သက်သွားမိ၏ ။ ခပ်သွက်သွက်ထွက်လာသော မြက်ဖိနပ်တစ်စုံ၏ ခြေသံသည်လည်း ပြတင်းမှန်အနီးသို့ အရောက်တွင် နွေးထွေးလုံခြုံသွားသယောင်ပဲ့တင်ထပ်လာပါတော့သည် ။

*            *            *



သိပ်ရင်းနီးသော

သူ့ကို စတင်တွေ့မြင်ရင်းနှီးခဲ့သည်က လွန်ခဲ့သည့် ၉ နှစ်လောက်ကဖြစ်သည်။ အဲဒီ့တုန်းကတည်းကပင် သူ့ကို အရူးအမူးစွဲလန်းခဲ့သည်။နေ့စဉ်နေ့တိုင်း သူနှင့် တစ်ရက် မပြတ်တွေ့အောင်ကြိုးစားခဲ့ဖူးသော အဲဒီ့နှစ်ရဲ့ နွေကျောင်းပိတ်ရက်တွေကို လွမ်းမိသည်။ အမှန်တကယ်ပင် ကျွန်မ၏ ဆယ်ကျော်သက်အစဦးကာလ အိပ်မက်များကို သူစိုးမိုးခဲ့ပါသည်။ သူ့ကို ကျွန်မ သိပ်သဘောကျသည်။ သူ့ကို တိတ်တခိုးအတုယူသည်။ သို့သော်ကျောင်းဖွင့်ရက်များဆီသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ သူ့ကို နှုတ်ဆက်ခဲ့ရပြန်သည်။ အဲဒီ့တုန်းဆီက ဝေးကွာမှုသည် ခဏတဖြုတ်ဝေးကွာမှုဟုသာ ကျွန်မက ထင်မှတ်ထားခဲ့၏ ။
နှစ်ရှည်လများ ဝေးကွာရမည်မှန်းကျွန်မ ကြိုမသိခဲ့။

တကယ်ဆိုတော့ အဲဒီ့အချိန်ကပင်စ၍ ဝေးကွာခဲ့ရသည်မှာ အခုဆို ဆယ်စုနှစ်တစ်ခုစာပင် ပြည့်တော့မည် ။

တစ်ခါတစ်ခါ..ငယ်ဘဝကို ပြန်တွေးတိုင်း ၊ မေ့လျော့ပစ်မိတတ်သော ငယ်အိပ်မက်တွေကို ပြန်ခြေရာကောက်တိုင်း ၊ ငယ်ငယ်တုန်းက ချစ်ခြင်းများကို ပြန်တမ်းတမိတိုင်း…
သူ့ကို မက်မက်မောမော ကျွန်မလွမ်းရပြန်ပါသည်။

အဲဒီ့နောက်ပိုင်းမှာတော့ အလွမ်းရင့်ရင့်တွေနှင့်သာ ကျွန်မ အိပ်စက်ခဲ့ ၊ နိုးထခဲ့ပါသည်။ ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။သူ၏အတွေးအခေါ်များ၊သူ၏မြင့်မားသော အိုင်တီနည်းပညာများနှင့်ကွန်ဖူးပညာ ၊ သူ၏ချစ်ခြင်းမေတ္တာတရား၊စွန့်လွှတ်အနစ်နာခံမှုများ ၊ ပြီးတော့ သူ၏တည်ငြိမ်ရဲရင့်မှုများ ။ အရာအားလုံးသည် ကျွန်မအတွက်တော့ အံ့သြဘနန်းနှစ်လိုအားကျဖွယ်ရာများပင်။

သူမကြားမသိနိုင်သော တမ်းတခြင်းများဖြင့် ကျောင်းစာသင်ခန်းထဲမှာသူ့အကြောင်းကိုကျွန်မ တမေ့တမော ပြောပြနေတတ်သည်။ သူ့ကို တွေ့ခွင့်မရနိုင်သော ကျောင်းဖွင့်ရက်များတွင်မှ သူ့ကို တနင့်တသီးသတိရနေတတ်ကြောင်း ပိုသိလာရသည်။

ကျွန်မသူငယ်ချင်းတွေထဲမှာ သူ့ကိုသိသောသူတွေ ရှိနေပြန်၏။ထို့အတူ သူတို့ကလည်း သူ့ကိုသဘောကျကြကြောင်း ဆိုကြသည်။သို့သော် ကျွန်မဝန်တိုစိတ်အလဉ်း မရှိခဲ့ပါ။ကျွန်မသေချာသိနေသည်က သူတို့၏ သဘောကျစိတ်သည် ကျွန်မသူ့အပေါ်ထားသော စွဲလမ်းချစ်မက်မူးစိတ်ကို မည်သည့်နည်းနှင့်မျှ မီလိမ့်မည်မဟုတ် ။

သို့သော် ကြိုတင်မမြင်နိုင်သော ကံကြမ္မာသည် မထင်မှတ်ထားသော ထောင့်မှနေ၍ ဝင်လာတတ်သည့်အတိုင်း ။ သူနှင့်ကျွန်မကြား ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် ပျောက်ဆုံးသွားခဲ့သည်။ကျွန်မ စုံးစမ်းမေးမြန်းသည်။လူတွေ သူ့ကိုသိကြသည်။သို့သော် လိပ်စာလက်ဝယ်မရှိကြ။ ထိုနည်းလည်းကောင်း……..ထိုနည်းလည်းကောင်းနှင့်ပင် ။
သူ့ကို ပျောက်ဆုံးသွားခဲ့ရပါသည် ။

အခုတော့ ကျွန်မ သူထားရစ်ခဲ့သော ဓါတ်ပုံကလေးများကိုသာ ရှာဖွေရင်းအလွမ်းဖြေနေမိပါသည်။
တစ်နေ့နေ့…ဟုတ်ကဲ့…ထိုတစ်နေ့နေ့တွင် သူရှိနိုင်မည်ထင်သော ရေခြားမြေခြားဆီသို့ ကျွန်မအရောက်လှမ်းသွားချင်ပါသည်။
အခုတော့….
သူ့ဓါတ်ပုံလေးကို ကြည့်ရင်းးးးးးးးးးး………….

so close

ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။

၃ နှစ်အကြာက သွားနှင့်သူသို့

**အကျင့်ပါနေတဲ့ အတွေးတွေက

ပြက္ခဒိန်အဟောင်းကိုပဲကြည့်

ရင်ဘတ်အဟောင်းနဲ့ပဲ ခံစားရင်း

မေ့မရခြင်းတွေကိုပဲ ရာသီမပြတ်စိုက်ပျိုး

အခုထက်ထိ ငါ့ခြံထဲမှာ

လေနဲ့ အတူပါလာတဲ့ ညနေ ၅း၃၀ ခွဲသံတွေနဲ့

နှစ်ချို့ စာမျက်နှာတွေ အပြိုင်းအရိုင်းဝေဆာနေဆဲပါ ။

နင်မရှိတော့ပေမယ့် ..နင်ရှိနေသလိုပါပဲ

**ဘယ်သူမှ ရိပ်သိမ်းခွင့်မရှိပါဘူး

နင်ပျိုးကြဲခဲ့ဖူးတဲ့ အဦးဆုံးရင်ခုန်သံတွေကို

နင်ပျောက်ကွယ်သွားတဲ့ ဒီကမ္ဘာမြေမှာပဲ

ငါအခုထိ တိတ်တိတ်လေး ရေလောင်းပေါင်းသင်နေဆဲပါ ။    ။

ငြိမ်းလေး

၂၈ရက် ၊ အေပရယ်လ ၊ ၂၀၁၁

ည ၁၁း၁၅ နာရီ