ဗရံတာမှာ ၃ မိနစ်တာ

လက်ချိုးရေတွက်၍ပင်ရသော ကြယ်ပွင့်လေးတစ်ချို့သည် ကျွန်မမော့ငေးနေမိသော ကောင်းကင်ယံတွင် ခရေပန်းပွင့်လေးများနှယ် တွဲလဲချိပ်ဆွဲပွင့်လန်းနေကြ၏။

အဆုပ်လိုက်၊အခိုင်လိုက်မဟုတ်သော်ငြားလည်း မိုးရိပ်ကင်းသော ညတစ်ည၏အလှကို လောက်ငအောင်တော့ဖြင့် သူတို့ပွင့်လန်းတောက်ပနေကြရှာသည်။

ကြည့်ငေးနေဆဲမှာပင် တိမ်မျှင်စပါးပါးတို့က ကြယ်ပွင့်ကလေးများရှိနေသော ကောင်းကင်ပြင်ကျယ်ကြီးအတွက်

နေရာလုသယောင် ဝင်ရောက်လာသည်။

ကျိုးတို့ကျဲတဲနိုင်သော ကြယ်ပွင့်ကလေးတစ်ချို့ခမျာ ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက် ။

ထိုအခိုက်အတန့်လေးမှာပင် ခပ်သဲ့သဲ့ တိုက်ခပ်လိုက်သည့် လေအနှော့၏ ကူညီမှုဖြင့် တိမ်မျှင်စတို့ ဘေးကပ်ပေးလိုက်ရ၏ ။

ကြယ်ပွင့်တို့နေရာ ရလေပြီ။

ကျွန်မပျော်သည်။

သာယာနေသော ကောင်းကင်သည် ကြယ်တစ်ချို့၏ အလင်းသဲ့သဲ့ဖြင့် တင့်တယ်လေပြီ။ တသုန်သုန်တိုက်ခတ်လာသည့် လေပြေချိုအေးသည်လည်း အေးမြကျီစယ်လေပြီ။

ကောင်းကင်ယံ၏ ဟိုမှာဘက်ခြမ်းထောင့်တွင် လွင့်ဝဲမျောပါနေသော တိမ်မျှင်စတို့သည်လည်း အလိုက်သင့်ချစ်စရာကောင်းနေရှာပြီ။

တိမ်တို့သည် ကြယ်ပွင့်လေးများ၏ပျော်ရွှင်မှုကို ဖုန်းလွှမ်းကြီးစိုးမှု မပြုပါစေနှင့်။                ။

 

စက်တင်ဘာ ၁၆ ၊ ၂၀၁၂

ည ၁၁နာရီ

ဗရံတာမှာ ၃ မိနစ်တာ။

Advertisements

နှင်းခါးရှိုက်သံ

@ ငါ အိပ်မက် မက်တယ်

လကွယ်လေငြိမ်

တိမ်မည်းတွေ နိမ့်နိမ့်မိုးထားတဲ့အချိန်

ရပ်တန့်သလို ၊ ပြေးလွှားသလိုနဲ့ ခြေစလှမ်း

ဗြုန်းခနဲ ကမန်းကတမ်း

အဖြူသားလွှမ်းတဲ့မြင်လွှာအစုံကို သိက္ခာတရားနဲ့စမ်းမိမှ

ဘုရားရေ !!!

နှလုံးသားနီးသူတွေချင်း မျက်မှန်းတမ်းမဝခင်

ငါဟာ အကန်းတစ်ယောက်ဖြစ်သွားပါပေါ့လား ။

 

@ ဟိုနားကလား ၊ ဒီနားလား

ချနင်းတော့မယ့် နောက်ဆုံးမာနရဲ့ အမောတကောတားဆီးသံ

ငါးမြှားချိပ်မြင်ရဲ့နဲ့ အသိခေါက်ခက်၊အဝင်နက်တဲ့ကံ

ဟုတ်ပါရဲ့

ပြန်လမ်းမလှမယ့်လမ်းချောက      ခါးးးးးးးးးးး ………. တယ်

သစ္စာတရား ၊ အတ္တကင်းမှုနဲ့ စံနှုန်းတွေ ဒရွတ်ဆွဲလွင့်ပျယ်

ငါအရှက်ကြီး     ရှက်တယ်

ဘာလဲ ? ဘာဖြစ်လို့လဲ ?

ငါအိပ်မက်     မက်တယ်။

 

 

@ ကျောခြင်းကပ်ထားတဲ့  မျက်နှာ

အမှန်တရားနှစ်ခုအကြောင်း ပထမဆုံးအိမ်စာ

စက္ကန့်တံ တဖျပ်ဖျပ်ရွေ့တိုင်း

အံကြိတ်ရင်း   အားငယ်

ဖွင့်ချမပြရက်တော့တဲ့ ပထမဆုံးမျက်ရည်မျိုးရယ်

လောင်ကျွမ်းပြာကျသွားတဲ့ သိစိတ်တွေရယ်

ဟောဒီ့……စမ်းတဝါးဝါး အိပ်မက်ထဲမှာပဲ

နှလုံးသားနဲ့ နမ်းရှိုက်လိုက်မိတယ် ။                                     ။

 

 

 

ငြိမ်းငြိမ်းပြည့်

နံနက် ၀၂း ၂၀ နာရီ

သြဂုတ် ၂၄ ၊ ၂၀၁၂

 

( အဖြူရောင်အတ္တတွေ ငါ့ဦးနှောက်ထဲကို ပြာလိုဖုံးလွှမ်းလာတဲ့ နေ့ ၊ ည ၊ ဘဝမှာ

ပက်ကြားအက်သွေ့ခြောက်လွန်းတဲ့ အထီးကျန်အိပ်မက်တစ်ခု ငါမက်တယ်။

ငါ အိပ်မက်ဆိုး မက်တယ်။ )

မျက်မြင်

ရယ်သံတွေ ထည့်တယ်
တောက်ခေါက်သံတွေ ထည့်တယ်
ဘ၀ကို အဆာသွတ်တယ်
တစ်နေ့တစ်ခြား
စိတ်ဓာတ်တွေ ယောင်ကိုင်းလာတယ်
ထုံးတမ်းစဉ်လာဆိုတာလည်း
လာဘ်စားတတ်တဲ့ ဒိုင်လူကြီးတစ်ယောက်ပဲ ။

ဒိုင်ယာရီ ကို ပိတ်ထားတယ်
မျှော်လင့်ခြင်းတွေ စိုက်ပျိုးထားတယ်
ဘာလိုလိုနဲ့
အတိတ်တွေ ပုတ်သိုးလာတယ်
ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေကလည်း
အနီရင့်ရောင် အစင်းခြစ်ရာတွေကြီးပဲ ။

လိုချင်တဲ့ အရာကို ပိုင်ချင်တယ်
ပြန်ပေးရမှာကို မုန်းတယ်
မလိမ့်တပတ်တွေနဲ့ပဲ
ကိုယ်ကျင့်တရားတွေ ချစားလာတယ်
တွဲလက်တွေဆိုတာလည်း
လွှတ်ချခါနီး အခြေအနေကြီးပဲ ။

ငြိမ်းလေး
မတ် ၁၆ ၊ ၂၀၁၀
ည ၈ နာရီ