လှည်းတန်းညရဲ့ အတွေးတစ်စ

ငွေကြယ်တို့ စွန့်ခွာပစ်ပယ်ထားသော ကောင်းကင်ပြင်ကျယ်ကို သူက နက်ပြာရောင် ကင်းဗတ်စတစ်ချပ် အဖြစ် မြင်သည်။ ထိုအဆီးအတားမဲ့ ကင်းဗတ်စပေါ်တွင် ပုံရိပ်ပေါင်းများစွာ ကခုန်လာအောင် အတွေးလက်တံတို့ဖြင့် ရေးခြစ်ရသည်ကို သူပျော်သည်။ ည၏တိတ်ဆိတ်ငြိမ်သက်မှုသည်ပင် သူ့ကိုယ်ပိုင်ပန်းချီကားချပ်၏ အသက်ဝင်မှုဖြစ်ပြန်၏။

 

 

ညသည် သူအကြိုက်ဆုံးစာအုပ်တစ်အုပ် ဆိုပါလျင် အတောမသတ်နိုင်သည့် နီလာရောင်ကောင်းကင်ပြင်ကျယ် ကြီးသည် သူသဘောကျရွေးချယ်မည့် ဇာတ်အိမ်တည်နေရာပင် ဖြစ်လိမ့်မည်။ သူရေးဖတ်ရမည့်ဇာတ်လမ်းမှ ဇာတ်ကောင်တို့အကြောင်းကို ပုံဖော်မိတိုင်း မျက်ဝန်းတစ်စုံကို ဖျပ်ခနဲသတိရတတ်သည်ကတော့ လူမသိသူမသိ ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်ခဲ့ပြီ။ မျက်ဝန်းကြည်ကြည်လေးတွေနှင့် ထိုတစ်စုံတစ်ယောက်သည် သူဘယ်တော့မှ ရေးခြယ်ပုံဖော်ဖြစ်မည်မဟုတ်သော ကောက်ကြောင်းမဲ့ပန်းချီကားသာ ဖြစ်ခဲ့သည်။ ထိုကြည်လင်နေသည့် မျက်နက်ဝန်းစိုစိုလေးများသည် သူဘယ်တော့မှ နှုတ်မြွတ်ဖွင့်ဟဖြစ်မည်မဟုတ်သော သူ၏ အသံမဲ့ဘာသာစကားသာ ဖြစ်ခဲ့သည်။

 

 

မြင်နေရသောကောင်းကင်၏ နက်ရှိုင်းလျှို့ဝှက်ခြင်းကဲ့သို့ပင် သူနှင့်ထိုမျက်ဝန်းကြား သံယောဇဉ်သည် ပွင့်လင်းမြင်သာစွာ နက်နက်နဲနဲ အမြစ်တွယ်ခဲ့ဖူး၏။ သိုသိုသိပ်သိပ်နိုင်သော ညတစ်ည၏ ဟာလာဟင်းလင်း ကောင်းကင်ကဲ့သို့ပင် ထိုမျက်ဝန်းတစ်စုံကို သူ ဗလာသက်သက် နင့်နင့်သီးသီး မြင်ယောင်လွမ်းမိပါသည်။

 

ငယ်ငယ်တုန်းဆီက ဘာမှန်းမသိ ကြောက်ခဲ့ဖူးသော အမှောင် နှင့် ညကို သူအခု သစ္စာရှိရှိ ချစ်တတ်ခဲ့ပြီ။ ညသည် သူ၏အကောင်းဆုံးသူငယ်ချင်းဖြစ်၍ အမှောင်သည် သူ့ကို နားလည်မှုအပေးနိုင်ဆုံးသော ရင်ဖွင့်ဖက်တစ်ယောက် ဖြစ်မှန်း သူသိရှိလာခဲ့သည်။ လက်ဆုပ်လက်ကိုင်ပြ၍ မရသော သူ့ဆီမှ ဝမ်းနည်းအထီးကျန်ခြင်းများစွာကို ညကောင်းကင်ကြီးက ဆွဲယူဖျောက်ဖျက်ပေးတတ်ခဲ့၏ ။ ည၏ကောင်းကင်မှ နေ၍ သူရှာဖွေတွေ့ရှိလာသော ပိုင်ဆိုင်မှုများက စကောတစ်ချပ်၏ ဇောက်ထက်တော့ အများကြီးပိုနက်ပါသည်။

 

 

မည်းမှောင်မှောင်ညကောင်းကင်တွင် သူ့ကိုယ်သူ ပြန်ရှာတွေ့ချိန်တိုင်းသည် ငယ်ဘဝ၏ လေပြေချိုအေးကို သူလင်းလင်းချင်းချင်း ပြန်ရှုရှိုက်ရချိန်များဖြစ်တတ်၏။ သမားရိုးကျ အတ္တတို့ဖြင့် နာဖျားပူလောင်နေတတ်သော နေ့ကာလများနှင့် သူ့ညသည် အမှန်တကယ်အားဖြင့် လားလားမျှ မတူတန်မှန်း သူသိလာခဲ့ပြီ။

 

 

ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းမှုမျိုး၊ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ယုံကြည်မှုမျိုး၊ လေ့လာဆန်းစစ်သူတစ်ယောက်၏ အတွေးအခေါ်မျိုးသည် ညတံခါးပေါက်မှတစ်ဆင့် သူ့နှလုံးသားအသိုက်အမြုံသို့ ချဉ်းနင်းဝင်ရောက်လာတတ်သည်မှာ အိမ်ဦးနှင့်ကြမ်းပြင်ပမာ တပြေးတည်းဖြစ်နေချေပြီ။ ထိုဧည့်သည့်လာလည်သော အခိုက်အတန့်တိုင်းသည် သူ့တကိုယ်စာ ဧည့်ခန်းနံရံတွင် သူ့ကိုယ်သူလိပ်ပြာသန့်မှု၊ ယုံကြည်မှု၊ လေးစားမှု ဆိုသော မှတ်ကျောက်ကို ချိတ်ဆွဲဂုဏ်ယူ နိုင်သည့် သီးသန့်ဆန်ဆန်အချိန်များဖြစ်လေ၏ ။

 

 

ထိုဧည့်သည်သည် သူ၏ကောင်းကင်ကင်းဗတ်စပေါ်မှ အရေးကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။

သူပျောက်ဆုံးနေသော အစိမ်းရောင်စုတ်တံတစ်ချောင်းကို ပြန်ရှာတွေ့သောနေ့တွင် ကင်းဗတ်စပေါ်ရေးရမည့် ပုံတစ်ခုရှိပါသေးသည်။ ကင်းဗတ်စ၏ အလယ်ဗဟိုတွင် စိမ်းစိုလန်းဆန်းသည့် ရွက်ပျိုတို့ အပြိုင်းအရိုင်း ဝေဆာနေမည့် အရိပ်ရနှစ်ချို့ပင်အိုကြီးတစ်ပင်ကိုဖြင့် မပါမဖြစ် ပါအောင်ထည့်ဆွဲမည်ဟု သူတေးမှတ်ထား၏။ ထိုသစ်ပင်ကြီးအောက်တွင်အေးအေးလူလူထိုင်ရင်း သူချစ်သောကောင်းကင်ကို မျက်ဝန်းကြည်ကြည်လေးများဖြင့် ငုံ့ကြည့်ချင်ပါသေးသည်။

 

 

 

ငြိမ်းငြိမ်းပြည့်

 

စက်တင်ဘာ ၂၆ ၊ မနက် ၀၂း၂၀

၂၀၁၂ ခုနှစ်။

အလွမ်း

 

ဟိုးအဝေးဆီမှ ရစ်သိုင်းအုံ့ဆိုင်းလာသော တိမ်မည်းညိုတို့သည် ကျွန်မ၏ရိုးမကို ရင့်ရော်အိုမင်းစေခဲ့ပြီ။ တလိပ်လိပ်စစ်ရေးဆင်လာသော မိုးရိပ်တို့အောက်မှ ဧရာဝတီ၏ မျက်နှာထားသည် လှိုင်းကြပ်ခွပ်ကလေးများဖြင့် အိနြေ္ဒမရဖြစ်နေ၏။ဟိုမှာဘက်ကမ်းဆီက တမျှော်တခေါ် လယ်ကွင်းစိမ်းများသည်လည်း ရှေ့ပြေးလေနတ်သား၏ ခြေဆော့လက်ဆော့ နိုင်မှုကြောင့် ကမူးရှုးထိုးယိမ်းခါကုန်ကြသည်။အထက်မိုးကောင်းကင်ဆီသို့ လက်ဆန့်တန်း အော်ဟစ်ငံ့လင့်ရင်း ကခုန်နေကြသည် ပျိုမြစ်နုနယ်သော စပါးနှံစိမ်းစိမ်းတို့အပေါ်သို့ ငွေမြှားတံများသည် တဟုန်ထိုးပြေးဝင်ခုန်ဆင်းလာချေပြီ။

 

အမြဲတစေ ပျော်မြူးခဲ့ဖူးသော ခရေနံ့တသင်းသင်း မိုးရေစက်များအောက်တွင် သူ၏ ကြည်ပြာနုရောင် ထီးဂေါက်ကြီးကို မြင်ဖူးခဲ့၏။အတောမသတ်သော မိုးဥတု၏ ငွေလက်တံများအောက်တွင် အရင်အတိုင်းပင် တစ်ခါပြန်လည် အသက်ရှုသွင်းချင်သည်။ ကျွန်မအတွက် ရွှဲရွှဲစိုစေသော တစ်ခါတုန်းက ခေါင်းလောင်းထိုးသံများကို လွမ်းမိ၏။ ရေပြင်တကြော ဗုံးပေါလအော မျောပါနေတတ်သော နီညိုရောင်သပြေသီးမှည့် တို့ကို လှေနံနဘေးလက်ချရင်း ဖမ်းယူစားသုံးချင်သည်။ သူဖတ်ပြဖူးသော စာတစ်အုပ်နှင့် သူခံယူသော ဒဿန အပိုင်းအစများအား မိုးစက်တို့ တွဲလဲခိုသီးထနေသည့် ခရေပင်ကြီးအောက်တွင် တစ်ခါပြန်လည် ရှာဖွေတွေ့ရှိချင်ပါသည်။

 

တစ်ခါတုန်းဆီက သူ၏ဝမ်းနည်းပက်လက် ပေါက္ခရဝဿမိုးရေစက်တို့ကို မိုးယိုပေါက်များ ကျိုးတို့ကျဲတဲရှိသော ခေါင်မိုးတစ်ခု၏အောက်တွင် အငိုတိတ်စေခဲ့ဖူးသည်။စကောလောက်မှ စောက်မနက်သည့် ကျွန်မ၏ပိုင်ဆိုင်မှုများသည် သူ၏ သက်ပြင်းမောတို့ကို ကုစားမပေးနိုင်ခဲ့သည်ကတော့ ဝမ်းနည်းစရာကောင်းလှပါ၏။ ဤသို့ဖြင့်ပင် လေကြီးမိုးကြီးထန်သော တစ်နေ့လည်ခင်း၌ ကောင်းကင်အပြည့်မျှော်လင့်အိပ်မက်တို့ကို ထုတ်ပိုးသယ်ဆောင်ရင်း သူကျောခိုင်းထွက်ခွာသွားခဲ့ပါသည်။သူ၏ရောင်စုံတိမ်တိုက်တို့ အပေါ် နေခြည်ဖြာ၍ လေပြည်လာပါစေသောဝ် ။

 

မိုးတိမ်တို့ ညိုယောင်မြင်လေတိုင်း ၊ ပြိုယောင်ဆင်လေတိုင်း ကျွန်မ၏ ရိုးမကို မြင့်သထက်မြင့်စေချင်ပါသည်။ သူ ပေါက်ရောက်ကျက်စားနေသော တိမ်ညွန့်ဖျားတို့၏ ကန်သင်းရိုးတွင် ကျွန်မ၏ အိပ်မက်ပင်အိုများ အမြစ်တွယ်နေသည်ကို သူမြင်မိလျင် ကောင်းလိမ့်မည်။သူသည် အတိတ်မမေ့တတ်သည်ရှိသော် တက်တက်ကြွကြွ လျှောက်လှမ်းခဲ့ဖူးသော အနောက်ရွှေဂုံတိုင်လမ်းမပေါ်မှ ခြေရာနှစ်စုံကို အဖြူထည်သက်သက် အောက်မေ့ဖြစ်ပါစေသတည်း။

 

 

ငြိမ်းငြိမ်းပြည့်

မေ ၂၃, ၂၀၁၂

လူပျောက်

Miss you

I never thought that I’m gonna miss you, The friend I cherish and treasure like you. I really never thought that I’m gonna miss you, But here I am now missing you. (written by Chris M..)

လေရူးတစ်အုပ်ရဲ့ အလည်အပတ်လို

အတင်းကာရော ဝင်လာ

ရုပ်ချည်း ပြန်ထွက်ခွာ

ဒီကမ္ဘာမှာက

လားရာမဲ့တဲ့အမှတ်တရတွေ ဖြာဖြာဝေ

ပြီးတော့

ခြေရာပျောက်သွားတဲ့  အိပ်မက်အကြွေ ။

 

ငြိမ်းငြိမ်းပြည့်

ဇန်နဝါရီ ၇ ၊ ၂၀၁၂

နေ့လည် ၁၂း၃၆

၃ နှစ်အကြာက သွားနှင့်သူသို့

**အကျင့်ပါနေတဲ့ အတွေးတွေက

ပြက္ခဒိန်အဟောင်းကိုပဲကြည့်

ရင်ဘတ်အဟောင်းနဲ့ပဲ ခံစားရင်း

မေ့မရခြင်းတွေကိုပဲ ရာသီမပြတ်စိုက်ပျိုး

အခုထက်ထိ ငါ့ခြံထဲမှာ

လေနဲ့ အတူပါလာတဲ့ ညနေ ၅း၃၀ ခွဲသံတွေနဲ့

နှစ်ချို့ စာမျက်နှာတွေ အပြိုင်းအရိုင်းဝေဆာနေဆဲပါ ။

နင်မရှိတော့ပေမယ့် ..နင်ရှိနေသလိုပါပဲ

**ဘယ်သူမှ ရိပ်သိမ်းခွင့်မရှိပါဘူး

နင်ပျိုးကြဲခဲ့ဖူးတဲ့ အဦးဆုံးရင်ခုန်သံတွေကို

နင်ပျောက်ကွယ်သွားတဲ့ ဒီကမ္ဘာမြေမှာပဲ

ငါအခုထိ တိတ်တိတ်လေး ရေလောင်းပေါင်းသင်နေဆဲပါ ။    ။

ငြိမ်းလေး

၂၈ရက် ၊ အေပရယ်လ ၊ ၂၀၁၁

ည ၁၁း၁၅ နာရီ



ငယ်သူငယ်ချင်း

နင်တို့ရယ်   ငါရယ်  ကြယ်ကလေးတွေလို ကခုန်ရင်း

နင်တို့ရယ် ငါရယ် ကြယ်ကလေးတွေလို ကခုန်ရင်း

* စီးဆင်းရာ ကမ်းပါးတွေ အများကြီးခြား

ငါတို့ ကြားက

နှစ်ရှည်လများ အဆက်ပြတ်သွားတဲ့ဘ၀တွေ

တိတ်တဆိတ် သတိရရုံထက်

တကယ်ဆို ဘာများတတ်နိုင်မှာတဲ့လဲ ။

* ဖြူစင်တဲ့ မျက်လုံးကြည်ကြည်လေးတွေ

ကိုယ့်အကြောင်းနဲ့ ကိုယ်

အရောင်ပြောင်းခဲ့လေပြီလား

ငါတို့ အသက်တွေ ကြီးလာတာနဲ့ အမျှ

လူမသိ သူမသိ မျက်ရည်တွေက

ဘယ်နှခါ မြောက်မှန်းမသိ ကျခဲ့ဖူးပြီ ။

* တစ်ခါတစ်လေ အိပ်မက်တွေထဲ

ငယ်ဘ၀ကို ပြန်ရောက်သွားဖူးတယ်

နင်တို့ရယ်   ငါရယ်

ကြယ်ကလေးတွေလို ကခုန်ရင်း

အပြစ်ကင်းစွာ ပျော်ရွှင်လွန်းလို့ကွယ် ။

* အလွမ်းတွေ ပင်လုံးကျွတ်ဝေတယ်

သတိရခြင်း ပန်းပွင့်တွေ နေ့တိုင်းကြွေတယ်

သူငယ်ချင်းတို့ရယ်

ရေခြား မြေခြား ဇာတ်ခုံတွေ ကွဲပြားနေလည်း

ငယ်ငယ်တုန်းက ပြောခဲ့ဖူးသလိုပဲ

“ငါတို့ တစ်နေ့ ပြန်တွေ့မယ် ”  ။

ငြိမ်းလေး

၁၇ ရက် ၊ ဆန်းဒေး ၊ အောက်တိုဘာ ၊ ၂၀၁၀

ညနေ ၀၅နာရီ ၅၀ မိနစ် ။

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

“တိုက်ဆိုင်လို့ သတိရတာမဟုတ်ပါဘူး ၊သတိရလို့ တိုက်ဆိုင်တာပါ”

အချစ်ဆုံးသူငယ်ချင်းက သူပိုင်ဒဿန တစ်ခွန်းကို လွန်ခဲ့သည့် နှစ်အတန်ကြာက ပြောခဲ့ဖူးတာ မှတ်မိသည်။Deadline နေ့မို့ ခုနှစ်နာရီကျော်မှ ရုံးဆင်းဖြစ်သည့်ညက ဘက်စ်ကားပြတင်းမှန်မှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အိမ်ပြန်ဖြစ်ခဲ့သည်။ မှိတ်တုတ် ၊ မှိတ်တုတ် ကြယ်ကလေးတွေကိုကြည့်ရင်း မတွေ့ရတာ ကြာပြီဖြစ်သည့် သူငယ်ချင်းတွေကို လွမ်းသည်။အတောမသတ်နိုင်သည့် မဟူရာကောင်းကင်တွင် အခြားကြယ်တွေထက် ပိုထင်းလင်းကာ တစ်စင်းထီးတည်း တောက်ပနေသော ကြယ်ကြီးကိုလည်း တွေ့ရသည်။တစ်ချိန်တည်းမှာပင် ကျွန်မအပေါ် အလွန်ကောင်းခဲ့သော ငယ်သူငယ်ချင်းတစ်ယောက်ကို သတိရသည်။ကျွန်မ ဘ၀ သက်တမ်းတစ်လျှောက်တွင် သူငယ်ချင်း အမြောက်အများ ရှိခဲ့သလို ၊ အချစ်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းတွေလည်း ရှိခဲ့ပါသည်။ သို့သော် ဆယ်တန်းနှစ်မှ စတင်ခင်မင်ခဲ့ပါသော သူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မအပေါ် အံ့သြရလောက်အောင် ချစ်ခင် ၊ အနွံအတာ ခံနိုင်သူဖြစ်ခဲ့တာကတော့ ရှေးဘ၀ ရေစက်ပင်ဖြစ်မည် ထင်ပါသည်။ အခုလိုပင် ကြယ်တွေစုံသော ညတစ်ညက ဘော်ဒါဆောင်ရှေ့ ဝရံတာတွင် စာကျက်နေရင်း သူပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုလည်း မှတ်မိနေပါသေးသည်။

“Memoi ၊ ဟိုးမှာ သူများတွေထက် ပိုလင်းနေတဲ့ကြယ်ကြီးကိုတွေ့လား ၊ သူများကြယ်တွေလို မှိတ်တုတ် မှိတ်တုတ်လည်းဖြစ်မနေဘူး ၊ Stable ပဲ ၊ အဲဒါ သောကြာကြယ် Venus ပေါ့ ၊ ငါ အဲဒီ့ကြယ်ကြီးကို အရမ်းသဘောကျတယ် ၊ နင့် ဘ၀မှာ ကြယ်တွေအများကြီးရှိမှာပဲလေ ၊ ဒါပေမယ့် ငါက နင့်အတွက် သောကြာကြယ်လို သူငယ်ချင်းပဲ ဖြစ်ချင်တယ်”

စိတ်ကူးယဉ်ဆန်တတ်သော သူငယ်ချင်းကို ထိုအချိန်က သဘောတကျ ရယ်မောခဲ့ဖူးသည်။ ကြယ်တွေလို့ လူတွေပြောနေသော အရာတွေဟာ တကယ်တော့ ကမ္ဘာမြေနဲ့ အလွန်ကွာဝေးသော စကြာဝဋ္ဌာထဲက ဂြိုဟ်ကြီးတွေသာဖြစ်ကြောင်း ကျွန်မကပြောတော့ သူက လက်မခံခဲ့ပေ။ကြယ်လို့ သဘောထားတာကသာ ပိုသဘောကျဖို့ကောင်းကြောင်း ဆင်ခြေပေးတတ်သည် ။

ကြယ်တွေကိုချစ်တတ်သော ၊ ကြယ်တွေအကြောင်း ပုံပြင်ပြောတတ်သော သူငယ်ချင်းကို ကြယ်တွေကြွေတတ်သည့်အကြောင်း ကျွန်မ သတိမပေးဖြစ်ခဲ့ပါ ။

*              *                         *

ကျွန်မတို့သည် လောကဇာတ်ခုံ ကောင်းကင်ကြီး၏ ရင်ခွင်တွင် ငွေကြယ်ပွင့်လေးများအဖြစ် တွဲလွဲခိုနိုင်ခွင့်ရရန် ကြိုးစားနေကြရပါသည်။တစ်ခါတစ်ရံတွင် ကြွေကျသွားသော ကြယ်ကြွေတစ်ချို့၏ ငိုရှိုက်သံကိုလည်း စိတ်မကောင်းစရာ ကြားမိဖူးပါ၏။သောကြာကြယ် ဖြစ်ချင်သော ကျွန်မ၏ သူငယ်ချင်းကို ပျောက်ဆုံးသွားခဲ့သည်မှာလည်း သက္ကရာဇ် သုံးခုစာပင် ကျော်လွန်ခဲ့ပါပြီ။ ကျွန်မယုံသည်။သူသည် တိမ်ဖုန်းနေသော သောကြာကြယ် တစ်စင်းသာ ဖြစ်သည်။တစ်နေ့နေ့ လောကကြီး၏ တစ်နေရာရာတွင် သူ့ကို ပြန်လည်တွေ့ရှိခွင့်

ရလိမ့်မည်ဟု။

“ကိုရေ—ပျောက်နေတဲ့ Venus ကို ဘယ်လိုရှာရမလဲဟင်”

ငယ်သူငယ်ချင်းကို သတိရခြင်း ပန်းပွင့်တွေနေ့တိုင်း ကြွေမိသည့်ကာလ ကျွန်မချစ်သော ချစ်သူကို ရင်ဖွင့်ပြောပြဖြစ်သည်။ကျွန်မဘ၀မှာ လင်းလက်ခဲ့ဖူးသော သူငယ်ချင်းကောင်းတွေအကြောင်း ကျွန်မချစ်သူလည်း နားရည်ဝနေလောက်ပြီထင်။

“Memoi သတိမထားမိဘူးနဲ့ တူတယ်ကွ ၊ Venus က ညနေမှောင်ရီပျိုးစလောက်ကထဲက သူတစ်စင်းတည်း စပေါ်လာတတ်တာ ၊ ညနက်လို့ ကြယ်တွေစုံပြီး အလင်းရောင်များလာတဲ့အချိန်ဆို သူ့ကို ရုတ်တရက် မတွေ့ရတော့ဘူး”

“ဟုတ်တယ်နော် ၊ ကို ပြောတာဟုတ်တယ် ၊ ဒါပေမယ့် Memoi သိချင်တာက သူ့ကို ပြန်ရှာလို့ ရပါ့မလား ၊ ဘယ်လိုပြန်ရှာရမလဲ ဆိုတာလေ”

“ဒါကလွယ်ပါတယ် ၊ နောက်နေ့ ညနေရောက်ရင် သူပြန်ရောက်လာရမှာပေါ့ ၊ မဟုတ်ဘူးလား၊ Memoi ဘ၀မှာ ညနေခင်းတွေက ခဏခဏ လာနေဦးမှာပဲလေ”

“အိုးးးး—မှန်လိုက်တာ ကြည့်စမ်း ။ ဒါကို Memoi မေ့နေခဲ့တယ် ၊ အဲလိုမျိုး မစဉ်းစားမိခဲ့ဘူးသိလား”

“ဟုတ်ပါပြီ ၊ အဲဒါထက်အရေးကြီးတာက Venus နဲ့ တခြားကြယ်တွေကိုပဲ သတိရမနေနဲ့ ၊

Memoire က ကိုယ့်ရဲ့ Polestar ဆိုတာလည်း မမေ့နဲ့ ဦးနော် ”

“ဟားဟား ၊ ဟုတ်ပါပြီ ကိုရယ်…”

ကျွန်မဘ၀တွင် တွေ့ကြုံခွင့် ရသောသူများကို ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါသည်။ ရိုးသားတည်ကြည်သော ၊ နားလည်မှု အပြည့်အ၀ရှိသော ကျွန်မ၏ ချစ်သူ ကိုလည်း ကျေးဇူးတင်သည်။ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်သည်။ သူတို့ကို လွမ်းတိုင်း ငယ်ဘ၀၏ ဖြူစင်ပုံ ၊ ငယ်ဘ၀၏ အပြစ်ကင်းပုံတွေကို အောက်မေ့ရသည်။

“မိတ်ဆွေဟောင်းဆိုတာ အကောင်းဆုံးကြေးမုံပြင်ပဲ” လို့ ဂျော့ ဟားဘက် ကောက်ချက်ချခဲ့ဖူးတာကို ကျွန်မ မှတ်သားဖူးပါ၏ ။

*          *            *

ကျွန်မ စီးနင်းလာသော အဓိပတိ ဘတ်စ်ကားကြီးက ဆင်းရမည့် မှတ်တိုင် ရောက်တော့မည် ဖြစ်ကြောင်း သတိထားမိလိုက်သည်။ကားပေါ်မှ ဆင်းပြီးနောက်မှာလည်း တဖျက်ဖျက် လင်းလက်နေကြသည့် ကြယ်ရောင်စုံကောင်းကင်ကြီးကို မော့ကြည့်ဖြစ်၏။

ကျွန်မကိုယ်တိုင်ကရော ကြယ်တစ်စင်းအဖြစ် ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပဖို့ ဘာဖြစ်လို့များ မဖြစ်နိုင်ရမှာတဲ့လဲ ။ကျွန်မဟာ ကျွန်မကို လက်ကမ်းသောသူတွေအတွက်

အလင်းရောင် တက်စွမ်းသမျှ မျှဝေသည့် ကြယ်တစ်စင်းအဖြစ် တောက်ပနေနိုင်ပြီ ။ ပြီးတော့ ကျွန်မကို လက်တွဲခဲ့သည့် သူငယ်ချင်း ကြယ်ပွင့်ကလေးတွေကိုလည်း ပိုင်ဆိုင်ဖူးပြီ။စစ်မှန်သော သူငယ်ချင်းအချစ်ကို ရရှိခံစားနိုင်ခြင်းကလည်း ၀ယ်ယူမရနိုင်သော ဆုလာဒ်တစ်ပါးဖြစ်ကြောင်း ကျွန်မနားလည်ခဲ့ပြီ။တပြိုင်နက်မှာပဲ အဝေးရောက် သူငယ်ချင်း တွေကို လွမ်းတတ်ပြီ ။ သူတို့တွေကို သိစေချင်သည့် စကားတစ်ခွန်းကို ပြောပြချင်ပါသေးသည်။

“ကျွန်မသူငယ်ချင်း ကြယ်ပွင့်လေးတွေ ၊ ဘယ်မှာဘာပဲဖြစ်နေနေ ၊ ကြွေကြွေ မကြွေကြွေ ၊ မြေပြင်ထက်မှာပဲ ကျိုးပဲ့နေပါစေ ၊ သူတို့ဟာ ကျွန်မရဲ့ ထာဝရ ငွေကြယ်ပွင့် တွေပါပဲ ”

ဆိုတာ သူတို့ကို နားလည်စေချင်မိပါ၏။

ကြယ်တွေစုံသော အဲဒီ့ညတစ်ညသည် ကျွန်မ၏ အိပ်စက်ခြင်းများကို လုယူ ဖျောက်ဖျက်ပစ်လိုက်ပါတော့သည်။

ငြိမ်းလေး

မက်မုံသီးလေးရဲ့ အစိမ်းရောင်

အတိတ်၏ အဆုံးသည် လေစိမ်းထန်ခဲ့သည်။စိမ်းကားသော အစိမ်းရောင်တို့ဖြင့်   ခြယ်သသည်။ သူပစ်ချခဲ့သော အစိမ်းရင့်ရောင်ကန့်   လန့်  ကာသည် သူနှင့်ကျွန်မကြား ဆက်သွယ်မှုများကို လမ်းစပျောက်သွားစေပြီ။ကျမ၏ စိတ်ဘ၀င်တွင် အစိမ်းရောင်သည် ဆွတ်ပျံ့   ဖွယ်အရာတစ်ခုအဖြစ် ၀င်ရောက်ကပ်ညှိလာပါတော့သည်။

သူကမ်းပေးခဲ့ဖူးသည် အစိမ်းရင့်ရောင် ထီးကလေး ၊ အတူလျှောက်ခဲ့ဖူးသည့် မြက်ခင်းစိမ်းစိမ်း ၊ နောက်ဆုံး သူထားရစ်ခဲ့သည့် ခပ်စိမ်းစိမ်း နှလုံးသားတစ်စုံ ၊ အရာရာသည် အတွေးအိမ်တွင် စိမ်းလန်းစွာပေါက်ရောက်ရှင်သန်နေဆဲပင် ။

*               *                  *

အစိမ်းရောင်….

အေးမြခြင်း ၊ လတ်ဆတ်ခြင်း ၊ တည်ကြည်ခြင်း ၊ စိမ်းကားခြင်း ၊ လန်းဆန်းခြင်း ၊ နုသစ်ခြင်း တို့  ကို ပေးစေ၏ ။မနက်မိုးသောက် ရောင်နီရောက်တိုင်း ကျမကို နှုတ်ခွန်းဆက်သတတ်သူများထဲတွင် အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းကြီး နှစ်ပင်ပါ၏ ။မြင့်မားအိုမင်းလွန်းမနေသလို ၊ အပင်ပေါက်စလေးလည်း မဟုတ်သည့် အိမ်ရှေ့က ထိုဗာဒံပင်နှစ်ပင်သည် နုသစ်သော စိမ်းဖန့်ဖန့်     ရွက်ပျိုတို့  တစ်ဝက် ၊ အိုဟောင်းနေပြီ ဖြစ်သော ရော်ရွက်ဝါတို့   တစ်ဖက်ဖြင့်     ကပိုကရို ကြွေလျက်ဝေလျက် ရှိသည် ။

ဘယ်အချိန်ထဲက စတင်သည် မသိ။ကျမက အစိမ်းရောင်ကို ကြိုက်သည် ။စိမ်းစိမ်းစိုစို   မြင်လျင်သဘောကြသည်။ဘာရယ်မဟုတ်ပဲနှင့်ပင် အိပ်မက်စိမ်းစိမ်းများ မက်ခဲ့ဖူးသော နယ်မြို့လေးက အထက်တန်းကျောင်းကို လွမ်းသည် ။အဖြူအစိမ်းဝတ် ကျောင်းသူဘ၀လေးကို လွမ်းသည် ။အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းတွေကို မြင်တိုင်း ကျောင်းထဲက ဗာဒံပင် မြင့်မြင့်ကြီးတွေကို သွားသွားသတိရသည် ။ထို့အတူ မြက်ခင်းစိမ်း ကဗ္မလာကို လွှမ်းခြုံထားတတ်သော ကျောင်းဝန်းနံဘေးက တာရိုးကြီးကိုလည်း အပြေးအလွှား သတိရသည် ။ တစ်စုံတစ်ယောက် လွယ်ခဲ့ ဖူးသည့် လွယ်အိပ်အစိမ်းရောင်လေးကို မြင်ယောင်မိသည်။

တောင်စဉ်တောင်တန်း တစ်ခုပမာ မားမားကြီး လှဲလျောင်းနေသော စိမ်းညို့ညို့တာရိုးကြီးပေါ်တွင် သူနှင့်အတူ တစ်ခါတစ်ခေါက် ပြန်လည်လျှောက်လှမ်းချင်ပါသေးသည်။အခုအချိန်များဆိုလျင် `ယမနေဆောင်´ရှေ့   က ကုက္ကိုပင်ကြီးများမှ လေအဝှေ့တွင် ကြွေနေမည်ဖြစ်သော ကုက္ကိုရွက်ကလေးများသည် လိုက်လံဖမ်းယူဆော့ကစားမည့် ကောင်မလေးတစ်ယောက် မရှိတော့ပြီ ဖြစ်၍ ပျင်းရိနေချေတော့မည် ။ကျောင်းဝန်းထဲရှိ စိမ်းညို့ညို့ သစ်ပင်ကြီးများအောက်က အညိုရောင်သစ်သားထိုင်ခုံဝိုင်းကလေးများသည်လည်း အသစ်..အသစ်သော ကျောင်းသားကလေးများကို လောက၀တ်မပြတ် ခင်းကျင်းဧည့်ခံနေဆဲ ရှိပေလိမ့်မည် ။

*               *                  *

စိန်းလန်းခဲ့ဖူးသော တစ်ခါက အိမ်မက်များတွင် မြက်ခင်းစိမ်းစိမ်းကြားက `ကျွန်းရွှေဝါဆောင်´လည်း ပါသည်။ထိုအဆောင်၏ ၀ရံတာတွင် အဖြူရောင် စကားများ ကြွေခဲ့ဖူး၏ ။ ပန်းနုရောင် အပြုံးများ ဝေခဲ့ဖူး၏ ။ရွှေအိုရောင် အနာဂတ်များ ပုံဖော်ဖူး၏ ။ ထိုအဆောင်၏ လှေကားထစ်များတွင်ပင် အရိုင်းဆန်သော တိုးဖွဖွ ရယ်သံများ ကြားခဲ့ဖူးပါ၏ ။

ခရေဆောင်ထိပ်က ခရေပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးအောက်တွင် အစိမ်းရင့်ရင့် အလွမ်းများ တစ်ဖန်ပြန်လည်ဝေနေပြီ ထင်ပါ၏ ။ အဆောင်ရှေ့  ပန်းခင်းအကြား ၊ မြက်ခင်းပြင် စိမ်းစိမ်းပေါ်တွင် သစ္စာတိုင် ရတုတစ်ခုကို သီကုံးခဲ့ဖူး၏ ။ ပန်းချီကားတစ်ချပ်ထဲကလိုပင် အညိုရင့်ရောင် သက်ပြင်းငွေ့တို့ဖြင့် အဖော်မဲ့နေသော သစ်ခြောက်ပင်အိုကြီးတစ်ပင်သည် ကျွန်မတို့ကျောင်း၏ မြက်ခင်းစိမ်း ကွက်လပ်ကြားတွင် မားမားမတ်မတ် ရှိခဲ့ဖူး၏ ။

တစ်ခါတစ်ရံများတွင် ကျွန်မတို့  လမ်းလျှောက်ထွက်ခဲ့ဖူးသော စပျစ်ချိုရောင် ညနေခင်းများက တာရိုးစိမ်းစိမ်းကြီး၏ ကျောပြင်ထက်တွင် အသက်ဝင်ခဲ့ဖူးသည်။ထိုဒေသကလေးဆီတွင် လတ်ဆတ်သော လေနုအေးကလေးများ သဲ့သဲ့တိုက်ခက်သည် ။ မြက်ခင်းစိမ်းက လန်းဆန်းစွာ ရင်ဖွင့်ကြိုဆိုသည်။မျက်စိ တဆုံးတွင် လယ်ကွင်းစိမ်းစိမ်းများနှင့် ကျောင်းဘောလုံးကွင်းကြီး ရှိသည်။ရံဖန်ရံခါ ရောင်စုံသက်တန့်ကြီး ရေသောက်ဆင်းနေသည်ကို တမေ့တမော ငေးရီနေနိုင်သေးသည်။အနောက်ဘက်တွင် အဆီးအတားမဲ့ ကောင်းကင်ကြီးနှင့် အတောမသက်နိုင်သော လယ်ကွင်းပြင်စိမ်းစိမ်းများကို ကျောပေးထားသော `စကားဝါဆောင်´သည် ကျွန်မ နောက်ဆုံးခြေချခဲ့သော အဆောင်ဖြစ်သည်။ကျွန်မတို့၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထိုအဆောင်၏ အခန်းတစ်ခန်းတွင် ဖြေဆိုအောင်မြင်ခဲ့ကြပါသည်။
*               *                  *

ရွက်နုစိမ်းများဝေသော နွေဦးရာသီ ရက်စွဲများတွင် ကျောင်းနောက်ဖေး ငှက်ပျောတောစိမ်းစိမ်းကြီးကြား အတန်းလစ်၍ တစ်တန်းလုံးနီးပါး သွားထိုင်ခဲ့ကြဖူးသည်။ ထိုငှက်ပျောတော၏ ဟိုမှာဘက်တွင်  မျက်စိတစ်ဆုံး ကျယ်ပြောလှသော ဟင်းလင်းပွင့်နေသည့် လယ်ကွင်းပြင်ကြီး ရှိ၏ ။ မိုးကောင်းကင် ပြာကြီးနှင့် တိမ်ဆိုင်တိမ်ခဲများကို ဟိုးမိုးကုတ်စက်ဝိုင်းနေရာအထိ အားရပါးရ ငေးမောနိုင်၏ ။ နေ့လည်ခင်ဒ၏ တိမ်တိုက်များသည် နီတစ်ခါ ၊ ၀ါတစ်လှည့် ဖြင့် နေရောင်အောက်တွင် ဆေးရေးချယ်ကာ ကခုန်နေတတ်သည်။အသံသြသြချိုချိုလေးကို မွေးရာပါ ပိုင်ဆိုင်သော ကောင်ကလေးက `၀ိုင်ဝိုင်း´ ၏ `ဖြေသိမ့်လိုက် ´ ကို ဆိုပြရင်း မျက်ရည်ဝဲခဲ့ကြဖူးသည်။

အစိမ်းရောင် အ၀တ်ဖိနပ်လေးကို တမက်တမော ၀ယ်စီးခဲ့ဖူး၏ ။ ခေါက်ရိုးကျိုးသွားသည့်တိုင် မပစ်ရက်ခဲ့ပါ ။ အစိမ်းရောင် အင်္ကျီလေးများကို ကြိုက်၍ မကြာခဏ ၀တ်မိသည်။ အစိမ်းရောင် ပန်းချီကားလေးများ ၊စာအုပ်လေးများ ၊ အသုံးအဆောင်လေးများသည် ယနေ့ထက်တိုင် ကျွန်မကို ဆွဲဆောင်နိုင်ဆဲပင် ။ထို့အတူ ကျွန်မ၏ နှစ်ချို့ အလွမ်းစာမျက်နှာတွင် ` အစိမ်းရောင်….´ ဆိုသော ပညက်ချက်ကလေးသည် စိမ်းလန်းစွာ ပေါက်ရောက်ရှင်သန်နေပါသေးသည် ။

*               *                  *

မက်မုံသီးလေးရဲ့ အစိမ်းရောင်

မက်မုံသီးလေးရဲ့ အစိမ်းရောင်

ငြိမ်းလေး

မေ ၂၆ ၊ ၂၀၁၀