အလွမ်း

 

ဟိုးအဝေးဆီမှ ရစ်သိုင်းအုံ့ဆိုင်းလာသော တိမ်မည်းညိုတို့သည် ကျွန်မ၏ရိုးမကို ရင့်ရော်အိုမင်းစေခဲ့ပြီ။ တလိပ်လိပ်စစ်ရေးဆင်လာသော မိုးရိပ်တို့အောက်မှ ဧရာဝတီ၏ မျက်နှာထားသည် လှိုင်းကြပ်ခွပ်ကလေးများဖြင့် အိနြေ္ဒမရဖြစ်နေ၏။ဟိုမှာဘက်ကမ်းဆီက တမျှော်တခေါ် လယ်ကွင်းစိမ်းများသည်လည်း ရှေ့ပြေးလေနတ်သား၏ ခြေဆော့လက်ဆော့ နိုင်မှုကြောင့် ကမူးရှုးထိုးယိမ်းခါကုန်ကြသည်။အထက်မိုးကောင်းကင်ဆီသို့ လက်ဆန့်တန်း အော်ဟစ်ငံ့လင့်ရင်း ကခုန်နေကြသည် ပျိုမြစ်နုနယ်သော စပါးနှံစိမ်းစိမ်းတို့အပေါ်သို့ ငွေမြှားတံများသည် တဟုန်ထိုးပြေးဝင်ခုန်ဆင်းလာချေပြီ။

 

အမြဲတစေ ပျော်မြူးခဲ့ဖူးသော ခရေနံ့တသင်းသင်း မိုးရေစက်များအောက်တွင် သူ၏ ကြည်ပြာနုရောင် ထီးဂေါက်ကြီးကို မြင်ဖူးခဲ့၏။အတောမသတ်သော မိုးဥတု၏ ငွေလက်တံများအောက်တွင် အရင်အတိုင်းပင် တစ်ခါပြန်လည် အသက်ရှုသွင်းချင်သည်။ ကျွန်မအတွက် ရွှဲရွှဲစိုစေသော တစ်ခါတုန်းက ခေါင်းလောင်းထိုးသံများကို လွမ်းမိ၏။ ရေပြင်တကြော ဗုံးပေါလအော မျောပါနေတတ်သော နီညိုရောင်သပြေသီးမှည့် တို့ကို လှေနံနဘေးလက်ချရင်း ဖမ်းယူစားသုံးချင်သည်။ သူဖတ်ပြဖူးသော စာတစ်အုပ်နှင့် သူခံယူသော ဒဿန အပိုင်းအစများအား မိုးစက်တို့ တွဲလဲခိုသီးထနေသည့် ခရေပင်ကြီးအောက်တွင် တစ်ခါပြန်လည် ရှာဖွေတွေ့ရှိချင်ပါသည်။

 

တစ်ခါတုန်းဆီက သူ၏ဝမ်းနည်းပက်လက် ပေါက္ခရဝဿမိုးရေစက်တို့ကို မိုးယိုပေါက်များ ကျိုးတို့ကျဲတဲရှိသော ခေါင်မိုးတစ်ခု၏အောက်တွင် အငိုတိတ်စေခဲ့ဖူးသည်။စကောလောက်မှ စောက်မနက်သည့် ကျွန်မ၏ပိုင်ဆိုင်မှုများသည် သူ၏ သက်ပြင်းမောတို့ကို ကုစားမပေးနိုင်ခဲ့သည်ကတော့ ဝမ်းနည်းစရာကောင်းလှပါ၏။ ဤသို့ဖြင့်ပင် လေကြီးမိုးကြီးထန်သော တစ်နေ့လည်ခင်း၌ ကောင်းကင်အပြည့်မျှော်လင့်အိပ်မက်တို့ကို ထုတ်ပိုးသယ်ဆောင်ရင်း သူကျောခိုင်းထွက်ခွာသွားခဲ့ပါသည်။သူ၏ရောင်စုံတိမ်တိုက်တို့ အပေါ် နေခြည်ဖြာ၍ လေပြည်လာပါစေသောဝ် ။

 

မိုးတိမ်တို့ ညိုယောင်မြင်လေတိုင်း ၊ ပြိုယောင်ဆင်လေတိုင်း ကျွန်မ၏ ရိုးမကို မြင့်သထက်မြင့်စေချင်ပါသည်။ သူ ပေါက်ရောက်ကျက်စားနေသော တိမ်ညွန့်ဖျားတို့၏ ကန်သင်းရိုးတွင် ကျွန်မ၏ အိပ်မက်ပင်အိုများ အမြစ်တွယ်နေသည်ကို သူမြင်မိလျင် ကောင်းလိမ့်မည်။သူသည် အတိတ်မမေ့တတ်သည်ရှိသော် တက်တက်ကြွကြွ လျှောက်လှမ်းခဲ့ဖူးသော အနောက်ရွှေဂုံတိုင်လမ်းမပေါ်မှ ခြေရာနှစ်စုံကို အဖြူထည်သက်သက် အောက်မေ့ဖြစ်ပါစေသတည်း။

 

 

ငြိမ်းငြိမ်းပြည့်

မေ ၂၃, ၂၀၁၂

Advertisements