သူငယ်ချင်းကို မပေးဖြစ်တဲ့စာ

သူငယ်ချင်း

 

မင်းရဲ့မြို့လေးမှာ အလျှံတညီးညီး သာနေတဲ့  လရောင် အကြောင်း ဒီ့ထက်ပိုပြီး  ငါမဆွေးနွေးပါရစေနဲ့ ။ ငါ နားထောင်ခဲ့သမျှ ၊ ပြောဖူးသမျှက မုန်းလောက်အောင် လုံလောက်ပြီးခဲ့ပြီ။ အဲဒီ့ လရောင်ရဲ့ ခိုးကြောင်ခိုးဝှက် ပိုင်ဆိုင်မှုတွေအကြောင်း  ဝင်ပြီးအထုတ်ဖြည် ပြရလောက်အောင်တော့ ငါသတ္တိမရှိဘူးဆိုတာ ရှင်းမပြပါရစေနဲ့တော့ကွယ် ။ ဒါပေမဲ့ …. အဖြူ ၊ အမည်း မသဲကွဲတဲ့ မျက်ကန်းတက်ကြွသူတစ်ယောက်ကို ငါပြောင်ပြောင်တင်းတင်း ကန့်ကွက်တယ်။

 

သူငယ်ချင်း

 

မင်းအတွက် လရောင်ဟာ မှန်တစ်ချပ်ဆိုရင် မင်းမြင်သမျှ လရိပ်ဟာ အမှန်ချည်းပဲပေါ့။ ဒါနဲ့များ ငါက မင်းထုတ်ပြီးသားအဖြေကို ပုစ္ဆာလုပ်ပြီး ဝိုင်းတွက်ချက်ပေးရဦးမတဲ့လားကွယ်။ မြေပုံမှတ်တိုင်ထူပြီးသား သင်္ချီုင်းရာပေါ်မှာ ငိုကြွေးသလိုမျိုး ၊ သွားလေသူအတွက်အသုံးမဝင်တော့တဲ့ နည်းလမ်းနဲ့ပေါ့။ နှစ်မြို့ချင်စရာ မကောင်းတော့တဲ့အထိ ရောက်အောင်တော့လည်း    ငါ့ရဲ့သွေးကို ကြောင်တောင်တောင် ဖြစ်ခွင့်မပေးပါနဲ့ကွယ်။

 

သူငယ်ချင်း

 

ခိုပြာတွေ ၊ လေရူးတွေကြား  ငါတို့ ဖြတ်လျှောက်ဖူးခဲ့ပြီပဲ ။ သေခြင်းတရားထက် အခံရခက်တဲ့အရာဟာ သိက္ခာကျခြင်းဆိုတဲ့အကြောင်း  သိသင့်တာထက် ငါတို့ပိုသိကြတယ်။ အခုနေအခါမှာ “မင်းအာရုံကို လငပုတ်ဖမ်းထားပြီ” လို့ အပြန်အလှန် တံခါးပိတ် ၊ ခြံစည်းရိုး ခတ်မိအောင် ငါကများ  စွပ်စွဲသင့်လို့လား ။ ငါကြားသမျှ မင်းနဲ့ပတ်သတ်တာတွေဟာ ပြန်ထွက်လမ်းမရှိဘဲ ၊ ငါ့ရင်ထဲမှာပဲ မွန်းကြပ်ပိတ်လှောင်နေရပြီ ။ ဒီတစ်ကြိမ်တော့ဖြင့် … မင်းဖမ်းဆုပ်လိုက်တဲ့ ယုံကြည်မှုနဲ့ ငါစွဲကိုင်ထားတဲ့ လိပ်ပြာကြား ရေခဲမြစ်တွေ တိမ်မယောင်နဲ့ နက်ခဲ့ပေါ့ ။

 

သူငယ်ချင်း

 

တစ်ကမ္ဘာလုံး ဆူညံပေါက်ကွဲနေတာထက် ငါတို့ကြားက အသံတိတ်နံရံတွေက ပိုဆိုးရွားကျယ်လောင်ဦးမလား ။ပုဂ္ဂိုလ်ရေးမေးခွန်းတွေကို ဦးစားမပေးသင့်တဲ့အကြောင်း ငါတို့မေ့ချင်ယောင်ဆောင်မိမှာလည်း စိုးတယ်။ ငြိမ်းချမ်းရေးအရောင်းအဝယ်တွေ တိုက်စားလာတဲ့ မြစ်ကြမ်းပြင်မှာ မင်းရေးနေတဲ့  သံလွင်ခက်နဲ့ချိုးဖြူငှက်ကလေးအကြောင်းထဲ ယမ်းနံ့နဲ့ကြက်ခြေတံဆိပ်   ခပ်နှိပ်မထားတာတော့ သေချာပေါက်ဂုဏ်ယူတယ်။ ဒါပေမဲ့ … မင်းကို သူတို့ပြောပြတဲ့ ရပ်တည်ချက်အစစ်အမှန်တွေကြားမှာ ကိုယ်ကျိုးရှာမရိုးသားမှုရဲ့ မျက်နှာဖုံးတွေ ရောကြိတ်မထားပါဘူးလို့  အာမခံလာမှ  ငါလေးစားဖြစ်ပါ့မယ်။

 

သူငယ်ချင်း

 

တစ်ခါဖူးမှ မရူးဖူးခဲ့တဲ့ ဇာတ်ဝင်ခန်းမျိုးကို ကခုန်ပျော်ရွှင်ဖို့ ဘာကြောင့်များ မင်းစတင်ရွေးချယ်ခဲ့သလဲ ။ ဆင်ခြေဆင်လက်ဟာ လရောင် ပါလို့ပြောရအောင်တော့ မင်းဟာ ရေအိုင်ကလေး မဟုတ်ဘူးကွယ် ။ မင်းပြေးချင်တဲ့လမ်းမှာ လိပ်နေတဲ့ ခွာရာတွေကို သဲလွန်စ မရှာဘဲ ငါမြင်နေရတာက ကျိန်စာလား ။ တလွဲဆံပင်ကောင်းချင်တာနဲ့ပဲ ဝံသာနုစိတ်ကို  ထည့်မတွက်တော့ဘူးတဲ့လား ။ ငါမှားတာက မှားတာပဲ ထားပါဦး ။ မင်းရဲ့မွေးဖွားလာခဲ့ခြင်းဟာ မိုးခါးရေသောက်ပြီး ပြဇာတ်ကရုံလောက်အတွက် မဟုတ်ဘူး ဆိုတာတော့  ငါယုံကြည်နေဦးမယ်။

 

သူငယ်ချင်း

 

ငါဟာ ဆုတောင်းခြင်း အလေ့အထကို ဘယ်တုန်းကမှ ဝါသနာမထုံခဲ့ဖူးပါဘူး ။ ဒါပေမဲ့ ဆုတောင်းရုံကလွဲလို့ ဘာတစ်ခုမှ မတတ်နိုင်တော့တဲ့ အခုလို  အပေါစားရာသီမျိုးမှာ မင်းမြို့တော်က လရောင်ကြီး ရေခံမြေခံကောင်းပါစေလို့ ငါဆုတောင်းဖြစ်တယ်။ သန်းခေါင်ထက်ပိုနက်မယ့် ညဥ့်ကို ကျော်ဖြတ်တဲ့အခါ မင်းမြို့တော်မှာ မီးခိုးရောင် ညတစ်ည ဖြစ်မလာပါစေနဲ့ပေါ့ကွယ်။

 

သူငယ်ချင်း

 

မင်းပျံချင်သလိုသာ ပျော်ပျော်ကြီး ပျံသန်းပါ ။ ဒီလိုမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူးလို့ မင်းပြောဖူးတာပဲ မဟုတ်လား ။ ဒါဟာ မင်းရဲ့ မွေးရာပါ အခွင့်အရေးလည်း ဖြစ်ပါရဲ့လေ ။ မုန်တိုင်းတွေ ကြုံတဲ့အခါ မင်းအတောင်တွေ ပိုလိမ္မာပါးနပ်လာမှာပေါ့ ။ ဒါပေမယ့် …. ဥပဒေ စာအုပ်ထဲမှာ မပါတဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ကျင့်ဝတ် တစ်ခုအပေါ် ဂရုမစိုက်သလိုတော့ မပျံသန်းနဲ့ပေါ့ကွယ်။ မင်းနင်းသွားတဲ့လမ်းမှာ တစ်ဖက်သားရဲ့ ဘဝကို ချမခင်းမိရင် ၊ မျိုးနွယ်တူတွေရဲ့ ပျော်ရွှင်မှုကို ဖြိုမချမိရင် ၊ မင်းလိပ်ပြာခုံရုံးကြီးမှာ အသန့်ရှင်းဆုံး

ဖြစ်တော့မပေါ့ ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် … မင်းဟာ ငါတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးတစ်ယောက်ဆိုတဲ့အကြောင်း ငါလေးလေးနက်နက် ပြောပြချင်သေးတယ်။ ဒါပေမဲ့လေ… ရှေးရိုးစွဲ နည်းနည်းဆန်တဲ့ငါက မင်းရဲ့ခေတ်နဲ့အညီ ပြောင်းလဲမှုကို အသိခေါက်ခက် ၊ အဝင်နက်မိတယ် ။

 

သူငယ်ချင်း

 

ငါ့ကို အပြစ်တင်ပါ ၊ စိတ်ဆိုးပါ ၊  စိတ်ပျက်ပါ ၊ မေ့ပစ်ပါ ။ မင်းလျှောက်တဲ့လမ်းကို အားမပေးနိုင်ခဲ့တဲ့အတွက် အပြစ်ရှိတဲ့အကြောင်း သိပါရဲ့ကွယ် ။ ဆက်လျှောက်ပါ ၊  ပျော်ရွှင်ပါ ၊

အောင်မြင်ပါ ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပုခုံးတစ်ဖက် ၊ နားရွက်တစ်စုံ လိုအပ်တဲ့အခါ ၊ မင်းမှာရှိတာနဲ့ မလုံလောက်ဘူးထင်တဲ့အခါ ၊ ငါ့ကိုခေါ်လိုက်ရင် ဖြစ်ပါရဲ့ကွယ် ။ တို့အားလုံးအတွက် ရိုးသားခြင်းဟာ ပထမဆိုရင် မင်းလုပ်သမျှ ရိုးသားမယ်ဆိုတာ ရဲရဲဝံ့ဝံ့ ငါအာမခံ နေမှာပေါ့ ။ ဘာကြောင့်ဆိုမင်းဟာ ( ဒီကိစ္စကလွဲရင် ) ဘယ်တော့မဆို ငါ့ဘက်က ရပ်တည်ခဲ့သူ၊ ငါ့အတွက် အကောင်းဆုံးသူ  တစ်ယောက်လေ။

 

 

ငြိမ်းငြိမ်းပြည့်

အောက်တိုဘာ ၂၃ ၊ ၂၀၁၂

ည ၂း ၂၃ နာရီ

Advertisements

သိပ်ရင်းနီးသော

သူ့ကို စတင်တွေ့မြင်ရင်းနှီးခဲ့သည်က လွန်ခဲ့သည့် ၉ နှစ်လောက်ကဖြစ်သည်။ အဲဒီ့တုန်းကတည်းကပင် သူ့ကို အရူးအမူးစွဲလန်းခဲ့သည်။နေ့စဉ်နေ့တိုင်း သူနှင့် တစ်ရက် မပြတ်တွေ့အောင်ကြိုးစားခဲ့ဖူးသော အဲဒီ့နှစ်ရဲ့ နွေကျောင်းပိတ်ရက်တွေကို လွမ်းမိသည်။ အမှန်တကယ်ပင် ကျွန်မ၏ ဆယ်ကျော်သက်အစဦးကာလ အိပ်မက်များကို သူစိုးမိုးခဲ့ပါသည်။ သူ့ကို ကျွန်မ သိပ်သဘောကျသည်။ သူ့ကို တိတ်တခိုးအတုယူသည်။ သို့သော်ကျောင်းဖွင့်ရက်များဆီသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ သူ့ကို နှုတ်ဆက်ခဲ့ရပြန်သည်။ အဲဒီ့တုန်းဆီက ဝေးကွာမှုသည် ခဏတဖြုတ်ဝေးကွာမှုဟုသာ ကျွန်မက ထင်မှတ်ထားခဲ့၏ ။
နှစ်ရှည်လများ ဝေးကွာရမည်မှန်းကျွန်မ ကြိုမသိခဲ့။

တကယ်ဆိုတော့ အဲဒီ့အချိန်ကပင်စ၍ ဝေးကွာခဲ့ရသည်မှာ အခုဆို ဆယ်စုနှစ်တစ်ခုစာပင် ပြည့်တော့မည် ။

တစ်ခါတစ်ခါ..ငယ်ဘဝကို ပြန်တွေးတိုင်း ၊ မေ့လျော့ပစ်မိတတ်သော ငယ်အိပ်မက်တွေကို ပြန်ခြေရာကောက်တိုင်း ၊ ငယ်ငယ်တုန်းက ချစ်ခြင်းများကို ပြန်တမ်းတမိတိုင်း…
သူ့ကို မက်မက်မောမော ကျွန်မလွမ်းရပြန်ပါသည်။

အဲဒီ့နောက်ပိုင်းမှာတော့ အလွမ်းရင့်ရင့်တွေနှင့်သာ ကျွန်မ အိပ်စက်ခဲ့ ၊ နိုးထခဲ့ပါသည်။ ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။သူ၏အတွေးအခေါ်များ၊သူ၏မြင့်မားသော အိုင်တီနည်းပညာများနှင့်ကွန်ဖူးပညာ ၊ သူ၏ချစ်ခြင်းမေတ္တာတရား၊စွန့်လွှတ်အနစ်နာခံမှုများ ၊ ပြီးတော့ သူ၏တည်ငြိမ်ရဲရင့်မှုများ ။ အရာအားလုံးသည် ကျွန်မအတွက်တော့ အံ့သြဘနန်းနှစ်လိုအားကျဖွယ်ရာများပင်။

သူမကြားမသိနိုင်သော တမ်းတခြင်းများဖြင့် ကျောင်းစာသင်ခန်းထဲမှာသူ့အကြောင်းကိုကျွန်မ တမေ့တမော ပြောပြနေတတ်သည်။ သူ့ကို တွေ့ခွင့်မရနိုင်သော ကျောင်းဖွင့်ရက်များတွင်မှ သူ့ကို တနင့်တသီးသတိရနေတတ်ကြောင်း ပိုသိလာရသည်။

ကျွန်မသူငယ်ချင်းတွေထဲမှာ သူ့ကိုသိသောသူတွေ ရှိနေပြန်၏။ထို့အတူ သူတို့ကလည်း သူ့ကိုသဘောကျကြကြောင်း ဆိုကြသည်။သို့သော် ကျွန်မဝန်တိုစိတ်အလဉ်း မရှိခဲ့ပါ။ကျွန်မသေချာသိနေသည်က သူတို့၏ သဘောကျစိတ်သည် ကျွန်မသူ့အပေါ်ထားသော စွဲလမ်းချစ်မက်မူးစိတ်ကို မည်သည့်နည်းနှင့်မျှ မီလိမ့်မည်မဟုတ် ။

သို့သော် ကြိုတင်မမြင်နိုင်သော ကံကြမ္မာသည် မထင်မှတ်ထားသော ထောင့်မှနေ၍ ဝင်လာတတ်သည့်အတိုင်း ။ သူနှင့်ကျွန်မကြား ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် ပျောက်ဆုံးသွားခဲ့သည်။ကျွန်မ စုံးစမ်းမေးမြန်းသည်။လူတွေ သူ့ကိုသိကြသည်။သို့သော် လိပ်စာလက်ဝယ်မရှိကြ။ ထိုနည်းလည်းကောင်း……..ထိုနည်းလည်းကောင်းနှင့်ပင် ။
သူ့ကို ပျောက်ဆုံးသွားခဲ့ရပါသည် ။

အခုတော့ ကျွန်မ သူထားရစ်ခဲ့သော ဓါတ်ပုံကလေးများကိုသာ ရှာဖွေရင်းအလွမ်းဖြေနေမိပါသည်။
တစ်နေ့နေ့…ဟုတ်ကဲ့…ထိုတစ်နေ့နေ့တွင် သူရှိနိုင်မည်ထင်သော ရေခြားမြေခြားဆီသို့ ကျွန်မအရောက်လှမ်းသွားချင်ပါသည်။
အခုတော့….
သူ့ဓါတ်ပုံလေးကို ကြည့်ရင်းးးးးးးးးးး………….

so close

ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။

ရောက်တတ်ရာရာ

ဘ၀ ဟာ ပျားရည်တစ်ခွက်လို အမြဲတမ်းတော့ မချိုမြိန်ပါဘူး ။ တစ်ခါတစ်လေများဆို သတိထားနေရင်းနဲ့တောင် အိပ်မက်တွေ လုယူခံရတတ်တယ်။ဒီလိုနဲ့ပဲ ကျမ စိုက်ပျိုးထားတဲ့ ပန်းသီးတွေ သူများ လက်ထဲမှာ ညှိုးငယ်ပဲ့ကြွေလို့ နှမြောတသတတ်ပေမယ့် ပြန်မတောင်းချင်တော့လဲ အပြုံးတွေက ပါးလျလာပြန်ပေါ့ ။နောက်ဆုံး ကျမ တစ်ကိုယ်စာ ဥယျာဉ်လေးက ရှိစုမဲ့စု ဟာသဥာဏ်လေးနဲ့  ရှာကြံပျော်ရပြန်တယ်။

စမ်းချောင်းလေး တစ်စင်းလောက် ရှာဖွေတွေ့ရှိချင်ပါတယ်။အပိုင်မဟုတ်ရင်တောင် ခဏတာ အမောပြေလောက်ဖြစ်ဖြစ် စမ်းချောင်းနံဘေး ထိုင်ငေးပါရစေ ။ရေညှိပါးပါး ကပ်နေတဲ့ ကျောက်တုံးစိမ်းညို့ညို့လေးတွေ ၊ လွတ်လွတ်လပ်လပ် ကူးခတ်နေတဲ့ ရွှေဝါရောင် ငါးကလေးတွေ ၊ ရေစီးအတိုင်း မျောပါရွက်လွှင့်လာတဲ့ သစ်ရွက်ကြွေ တွေ ကို စမ်းချောင်းနံဘေးက မိုးမခ ပင်ရဲ့ အရိပ်အောက်မှာ တရေးတမော မှေးစက်ရင်း ကြည့်နေချင်တယ်။

ကိုယ်ပိုင်အသိစိတ်နဲ့ သယ်ပိုးထားရတဲ့ ၀န်ထုတ်ဝန်ပိုး တစ်ချို့က တစ်ခါတစ်လေ ပင်ပန်းလွန်းအားကြီးပါတယ်။ ဒဏ်ရာတွေက ရင်ဘတ်ထဲမှာ အရောင်၇င့်ရင့် စွန်းထင်းလို့ ။ အတတ်နိုင်ဆုံး ပျော်စရာတွေပဲ တွေးတတ်ပေမယ့် ဟန်ဆောင်ခြင်း အတတ်ပညာမှာတော့ သုညအောက် ကျမှတ်နဲ့ပဲ ဘယ်လိုကြိုးစား ၊ ကြိုးစား မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် ဘ၀ကိုအရိုးစင်းဆုံး လမ်းလေးကနေ ဖြောင့်ဖြောင့်လျှောက်နေတာတောင် လှေကားထစ်တွေ မြင့်မယ်ကြံတိုင်း အသားလွတ် တွန်းချချင်သူတစ်ချို့  တွေ့ရပြန်တယ်။ဟန်ဆောင်ကောင်းတဲ့ သူတွေကို သဘောမကျ (အမြင်ကပ်) တတ်တာက ကျမရဲ့ အားနည်းချက်တဲ့ ။

ဒီဘ၀မှာ လူနှစ်ယောက် လမ်းသွားရင်း အိကျီင်္စချင်း မတော်တဆ  ထိခပ်မိဖို့ဆိုတာ ရှေးဘ၀ပေါင်း ၃၀၀၀ (သုံးထောင်) လောက် ရင်းနှီးချစ်ခင်ခဲ့ဖူးမှ ဖြစ်တာလို့ ကြားဖူးတယ်။ဒီလိုဆိုရင် အခုဘ၀မှာ တွေ့ဆုံရင်းနှီးခွင့်ရတဲ့ ကျမချစ်တဲ့ လူသားတွေကို တန်ဖိုးထားသင့်တယ်ဆိုတာ ငြင်းနေစရာမလိုဘူးလေ ။ကျမအပေါ်ချစ်ခြင်းမေတ္တာထားကြ တဲ့ သူတွေကို ရင်နှင့်အမျှ ကျေးဇူးတင်ပါတယ်။ ဘာရယ်မဟုတ်ဘဲနဲ့  တစ်ခါတစ်လေတော့လဲ  လူတွေအများကြီးကြားက ဘ၀ကြီးဟာ အထီးကျန်ဆန်လွန်းနေပြန်တယ်။

ကျွန်မ မျှော်လင့်ချင်တဲ့ ပင်လယ်ဖြတ်မယ့် သက်တန့်တစ်စင်း

ကျွန်မ မျှော်လင့်ချင်တဲ့ ပင်လယ်ဖြတ်မယ့် သက်တန့်တစ်စင်း

ဘ၀ရဲ့ နွေဦးနေ့လည်ခင်းတွေရောက်ရင်တော့ ဟိုးမိုးသားပြာပြာထက်က တိမ်အုပ်ဖြူတွေ မျောလွင့်နေသလို ၊  ငှက်ငယ်တွေ  တောင်ပံဖြန့်နေသလို ကျမရဲ့ စိတ်ကူးတွေကို အဆီးအတားမဲ့ ပုံဖော်ကြည့်ချင်သေးတယ် ။ ကျမ တမေ့တမော လိုချင်နေတဲ့ ကော်ဖီနွေးနွေးတစ်ခွက်ကို ငြိမ်းချမ်းခြင်း ကျွန်းကလေးမှာသာ ရနိုင်လိမ့်မယ်တဲ့ ။ လရောင်မဲ့ နေတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ရမှာမို့ သက်တန့်တစ်စင်းကို ခိုစီးသွားမှသာ ဟိုဘက်ကမ်းခြေ ရောက်နိုင်လိမ့်မယ်။ဟုတ်ကဲ့ ။ ပျော်ရွှင်ခြင်း ဆိုတဲ့ ခုနှစ်ရောက်ခြယ် သက်တန့်တစ်စင်းကို ကျမ မျှော်လင့်ခွင့် ရနိုင်မလားဟင် ။

ငြိမ်းလေး

ဂျူလိုင် ၄ ၊ ၂၀၁၀

ည ၉ နာရီ ၁၅ မိနစ်

သြချို

ဘ၀မှာ ကြုံဆုံရသည့် သာမာန်ပျော်စရာလေးများသည် တစ်ခါတစ်ခါကျတော့လည်း အကြီးမားဆုံး ပျော်စရာများ ဖြစ်သွားတတ်ပါသည်။မိုးမည်းမည်းတို့  သဲကြီးမည်းကြီး ရွာချသော ညနေခင်းများတွင် အစိမ်းရင့်ရောင် ထီးကလေးအောက်မှာ မိုးထဲလေထဲ ပျော်ခဲ့ဖူးသည်။ဆောင်းရာသီ၏ မနက်ခင်းတစ်ခုတွင် ခိုက်ခိုက်တုန်နေသော ကျမ၏ လက်အစုံကို သူ၏ ကုတ်အင်္ကျီအိပ်ထဲ သွင်းထားစေပြီး သူ့လက်ဖြင့် အုပ်ထွေးကာ အနွေးဓာတ်ရခဲ့ဖူးသည်။နွေဦးရာသီ၏ နာရီများတွင်တော့ သူ့ဂစ်တာအနက်ရောင်ကလေးကို တီးခတ်ရ်ျ သီချင်းများစွာကို အသက်ဝင်စေခဲ့ဖုးသည်။ရိုးရှင်းသော မိုးကောင်းကင်အောက်မှ အောက်မေ့ဖွယ် အခိုက်အတန့်များကို ပိုင်ဆိုင်ခဲ့ဖူးပါသည်။

*                                        *

အတိတ်…
အရာရာတိုင်း ၊ လူသားတိုင်း ၊ လောကကြီးမှာ ဖြစ်တည်နေသမျှ သက်ရှိသက်မဲ့တိုင်းတွင် အတိတ်ရှိကြသည်။မနက်ဖြန်ရှိသလို မနေ့ကဆိုတာ ရှိသည်။မနက်ဖြန်အထိ အသက်ရှင်လျက် ဆက်နေခွင့် ရဦးမည်လား ဆိုတာ မရေရာပေမယ့် ပြီးခဲ့ပြီဖြစ်သော မနေ့ကနေ့ရက်များကတော့ အသေအချာကို ရှိနေခဲ့ပြီ။ကောင်းတာတွေလည်း ပါကောင်းပါမည်၊မကောင်းတာတွေလည်း ပါချင်ပါမည်။မည်သို့ပင်ဖြစ်စေ မနေ့ကပေါင်း မြောက်မြားစွာဖြင့် ဖွဲ့စည်းထားသော အတိတ်သည် တစ်စုံတစ်ရာကိုတော့ဖြင့် မြုပ်နှံထားတတ်မြဲဟု ထင်သည်။အတိတ်အကြောင်းကို စိတ်ရှိလက်ရှိ တမေ့တမော တွေးချင်တိုင်း ပြန်တွေးရတာက အရသာ တစ်မျိုးပင်။ရံဖန်ရံခါများတွင်တော့ လက်ရှိမှာ ငုတ်တုတ်ထိုင်နေရင်းပင် တိုက်ဆိုင်မှု တစ်ခုတစ်လေကို ခလုပ်တိုက်မိပြီး အတိတ်ကို အပြေးအလွှား သတိရတတ်သွားပြန်သည်။

ကျားပေါက်ရဲ့ သတိရရဲ့လား ကိုကြားတိုင်း ၊ စိုင်းစိုင်းနဲ့ မို့မို့ရဲ့ ၀မ်းနည်းမှတ်တမ်းကို ကြားတိုင်း ၊ Bluenight သီချင်းကို ကြားတိုင်း ၊ ခရစ်ယာန် ဓမ္မတေးသံတွေကို ကြားတိုင်း ၊ မိုးတိမ်တွေ မှောင်လာတိုင်း …..ဟိုးဝေးဝေးက မြို့လေးဆီ စိတ်အစဉ်က ကသုတ်ကရက် ရောက်သွားတတ်သည်။ထိုသီချင်းများ ၊မိုးဖွဲဖွဲအောက်က ညနေများ ၊ နယ်မြို့လေးသို့ သတိရစိတ်များနှင့်အတူ သီချင်းရှင်လေးတစ်ယောက်ကိုလည်း ခပ်သဲ့သဲ့ လွမ်းမိပြန်သည်။ပီသကြည်မြနေသော တေးဆိုသံကလေးနှင့် ဂစ်တာအနက်ရောင်ကလေး ကို ရင်နှင့်အမျှ ပြန်ကြားမြင်ယောင်လာမိ၏ ။ မိုးဦးကျများ ၊ဆောင်းဦးပေါက်များ ၊ နွေဦးရက်စွဲများ ၊တခမ်းတနား ခူးဆွတ်ခဲ့ဖူးသော အပြုံးရိပ်များ ခုချိန်ထိ ဆေးရောင်မပြယ် သတိတရ ရှိနေဆဲပင် ။

*                                        *

မိုးတိမ်တွေနှင့် ညိုရင့်နေသော နယ်မြို့လေးတစ်မြို့မှာ အဲဒီ့ဆွတ်ကျင်ဖွယ်ကောင်းအောင် သတိရမိနေသည့် ညနေခင်းလေး တစ်ခုကို ဖြတ်လျှောက်ခဲ့ဖူးသည်။ တိမ်မည်းများ ၊မိုးချုန်းသံများ နှင့် လေပြေများ ကဆုန်စိုင်းနေသော ကျောင်းဆင်းခေါင်းလောင်းထိုးခါနီး အချိန်ပိုင်းလေးမှာအစိမ်းရင့်ရောင် ခေါက်ထီးလေးတစ်ချောင်း ကမ်းပေးလာသည့် တစ်စုံတစ်ယောက် ကိုလည်း တွေ့ရှိခဲ့ဖူးသည်။

တစ်ခါတစ်ခါ အလွန်စိတ်အားငယ် ၊ စိတ်ဓာတ်ကျတတ်သော ကျမကို ကျောင်းဘောလုံးကွင်းဘေးမှ မြက်တောဆီ ညွှန်ပြကာ စိတ်အားတက်စရာ စကားတစ်ခွန်းကို ခြွေလှစ်ခဲ့သည့် တစ်စုံတစ်ယောက်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။“မြက်တောထဲမှာ နေရာတစ်နေရာ ရနိုင်ရေးအတွက် တိုက်ပွဲဝင်နေသည့် တောပန်းလေး၏ အံ့ဖွယ်ကြံ့ခိုင်စိတ်ထားကို အားကျပြီး ပျော်နိုင်ပါသည်” တဲ့ ။

လိုအပ်သည့် အချိန်မှာ လိုအပ်တာကို မည်သူမျှ အလွယ်တကူ ရနိုင်ကြမည် မဟုတ်ပါ။သူ့ကို လိုအပ်သော ၊ သူ ကျမအနားမှာ မရှိတော့ပြီ ဖြစ်သော ယခု အချိန်များတွင်တော့ သူ့ကိုယ်ပွား ၊ သူ့စကားများကိုသာ သတိတရ ဖြစ်နေရပါသည်။

အမြဲလို တည်ငြိမ်အေးချမ်းနေသည့် မျက်လုံးကြည်ကြည်လေးတစ်စုံ ၊ လက်ရေးညီညီ သန့်သန့်လေးများပါသည့် စာရွက်ပိုင်းလေး သုံးခု ၊ ချန်လှပ်ထားခဲ့ဖို့ မသင့်သည့် တရုတ်စံကားပွင့်များနှင့် နှစ်ယောက်အတူ ခြွေချခဲ့ပြီးသည့် အိပ်မက်အကြွေများကို ကျမ တစ်ယောက်တည်း တိတ်တဆိတ် ရှာဖွေကောက်ယူချင်နေဆဲပါ။

*                                        *

ဘယ်သူနဲ့မှမတူ တမူထူးသော အသံသြသြ ချိုချိုလေးကို မွေးရာပါ ပိုင်ဆိုင်သော တစ်စုံတစ်ယောက်ကို ` သြချို ´ ဟု ကျမဘာသာ သီးသန့်အမည်ပေးထားခဲ့ဖုးသည်။သြချို တွင် နူးညံ့အေးချမ်းသော မျက်လုံးကြည်ကြည်လေးတွေ ရှိ၏ ။ စိမ်းဖန့်ဖန့် အရောင်ထွက်နေသော မျက်ခုံးထူထူုတွေ ရှိ၏ ။ ယောင်္ကျားလေးတန်မယ့် ပျော့အိနေသော ဆံပင်ညို စင်းစင်းလေးတွေ ရှိ၏ ။ ဖြူဝင်းပြီး အ၀ါရောင်ဘက် လုနေသော အသားအရည်နှင့် သြချို၏ လက်ဖျံပေါ်တွင် မွှေးညှင်းစိမ်းကလေးများက သာမာန်ထက် အနည်းငယ် ရှည်လျားစွာ ပေါက်နေသည်။ထိုကောင်လေး၏ လက်ချောင်း သန့်သန့်ဖြူဖြူရှည်ရှည်လေးများ ဂစ်တာကြိုးပေါ်တွင် ပြေးလွှားကခုန်တိုင်း တမေ့တမော ငေးမောကြည့်ခဲ့ဖူး၏ ။ နှုတ်ခမ်းထောင့်စွန်းလေး ကော့ညွှတ်သွားရုံ လွန့်လွန့်လေး ပြုံးလိုက်သည့်အခါတိုင်း သွားစွယ်ဖြူဖြူလေး လှစ်ခနဲ ပေါ်လာတတ်သည်က အသည်းယားဖို့ကောင်းသည် ။
ဒီလို ချစ်စဖွယ် အပြုံးမျိုး သူမို့ ပြုံးပဲ ပြုံးတတ်ပါသည် ။

လောကကြီးမှာ သူလိုလူမျိုးနောက်ထပ် ရှိကောင်းရှိနေနိုင်ပေမယ့် သြချိုသည် ကျမ ဘ၀ တစ်သက်တာ တွေ့ခဲ့ဖူးသမျှ လူတွေထဲတွင်မတော့ စိတ်ကောင်းအထား တတ်ဆုံး (တစ်နည်းအားဖြင့်) စိတ်ထားအကောင်းဆုံးနေတတ်သည့် တစ်ဦးတည်းသော လူသားလေးတစ်ယောက်ပင်။ သြချို ဒေါသထွက် ၊ ရန်လိုသည်ကို ဘယ်သောအခါကမှ မတွေ့ခဲ့ဖူးပါ။ကျမ၏ သြချိုသည် အံ့သြရင်ခုန်ရလောက်အောင် ကျမကို အရေးပေးအလေးထားခဲ့ဖုးသည်။သြချိုပေးခဲ့ဖူးသော ချစ်ခြင်းတရားဖြင့် ကျမ၏ အတိတ်ကမ္ဘာငယ်လေးသည် အဓိပ္ပါယ် ပြည့်စုံခဲ့ဖူးပါသည်။တစ်ခါတစ်ရံများတွင် သြချိုသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကဗျာဆန်လေ့ ရှိသလောက် တစ်ခါတစ်ရံများတွင်တော့ ငြိမ်သက်အေးဆေးနေတတ်သည်။မည်သို့ပင်ဖြစ်စေ တစ်ရံမလပ်တော့ သူ ကျမကို ချစ်ခဲ့ပါသည်။

* *

ဆက်ရန်…ဆက်ရန်….ဆက်ရန်….

ငြိမ်းလေး