လှည်းတန်းညရဲ့ အတွေးတစ်စ

ငွေကြယ်တို့ စွန့်ခွာပစ်ပယ်ထားသော ကောင်းကင်ပြင်ကျယ်ကို သူက နက်ပြာရောင် ကင်းဗတ်စတစ်ချပ် အဖြစ် မြင်သည်။ ထိုအဆီးအတားမဲ့ ကင်းဗတ်စပေါ်တွင် ပုံရိပ်ပေါင်းများစွာ ကခုန်လာအောင် အတွေးလက်တံတို့ဖြင့် ရေးခြစ်ရသည်ကို သူပျော်သည်။ ည၏တိတ်ဆိတ်ငြိမ်သက်မှုသည်ပင် သူ့ကိုယ်ပိုင်ပန်းချီကားချပ်၏ အသက်ဝင်မှုဖြစ်ပြန်၏။

 

 

ညသည် သူအကြိုက်ဆုံးစာအုပ်တစ်အုပ် ဆိုပါလျင် အတောမသတ်နိုင်သည့် နီလာရောင်ကောင်းကင်ပြင်ကျယ် ကြီးသည် သူသဘောကျရွေးချယ်မည့် ဇာတ်အိမ်တည်နေရာပင် ဖြစ်လိမ့်မည်။ သူရေးဖတ်ရမည့်ဇာတ်လမ်းမှ ဇာတ်ကောင်တို့အကြောင်းကို ပုံဖော်မိတိုင်း မျက်ဝန်းတစ်စုံကို ဖျပ်ခနဲသတိရတတ်သည်ကတော့ လူမသိသူမသိ ထုံးတမ်းစဉ်လာတစ်ရပ် ဖြစ်ခဲ့ပြီ။ မျက်ဝန်းကြည်ကြည်လေးတွေနှင့် ထိုတစ်စုံတစ်ယောက်သည် သူဘယ်တော့မှ ရေးခြယ်ပုံဖော်ဖြစ်မည်မဟုတ်သော ကောက်ကြောင်းမဲ့ပန်းချီကားသာ ဖြစ်ခဲ့သည်။ ထိုကြည်လင်နေသည့် မျက်နက်ဝန်းစိုစိုလေးများသည် သူဘယ်တော့မှ နှုတ်မြွတ်ဖွင့်ဟဖြစ်မည်မဟုတ်သော သူ၏ အသံမဲ့ဘာသာစကားသာ ဖြစ်ခဲ့သည်။

 

 

မြင်နေရသောကောင်းကင်၏ နက်ရှိုင်းလျှို့ဝှက်ခြင်းကဲ့သို့ပင် သူနှင့်ထိုမျက်ဝန်းကြား သံယောဇဉ်သည် ပွင့်လင်းမြင်သာစွာ နက်နက်နဲနဲ အမြစ်တွယ်ခဲ့ဖူး၏။ သိုသိုသိပ်သိပ်နိုင်သော ညတစ်ည၏ ဟာလာဟင်းလင်း ကောင်းကင်ကဲ့သို့ပင် ထိုမျက်ဝန်းတစ်စုံကို သူ ဗလာသက်သက် နင့်နင့်သီးသီး မြင်ယောင်လွမ်းမိပါသည်။

 

ငယ်ငယ်တုန်းဆီက ဘာမှန်းမသိ ကြောက်ခဲ့ဖူးသော အမှောင် နှင့် ညကို သူအခု သစ္စာရှိရှိ ချစ်တတ်ခဲ့ပြီ။ ညသည် သူ၏အကောင်းဆုံးသူငယ်ချင်းဖြစ်၍ အမှောင်သည် သူ့ကို နားလည်မှုအပေးနိုင်ဆုံးသော ရင်ဖွင့်ဖက်တစ်ယောက် ဖြစ်မှန်း သူသိရှိလာခဲ့သည်။ လက်ဆုပ်လက်ကိုင်ပြ၍ မရသော သူ့ဆီမှ ဝမ်းနည်းအထီးကျန်ခြင်းများစွာကို ညကောင်းကင်ကြီးက ဆွဲယူဖျောက်ဖျက်ပေးတတ်ခဲ့၏ ။ ည၏ကောင်းကင်မှ နေ၍ သူရှာဖွေတွေ့ရှိလာသော ပိုင်ဆိုင်မှုများက စကောတစ်ချပ်၏ ဇောက်ထက်တော့ အများကြီးပိုနက်ပါသည်။

 

 

မည်းမှောင်မှောင်ညကောင်းကင်တွင် သူ့ကိုယ်သူ ပြန်ရှာတွေ့ချိန်တိုင်းသည် ငယ်ဘဝ၏ လေပြေချိုအေးကို သူလင်းလင်းချင်းချင်း ပြန်ရှုရှိုက်ရချိန်များဖြစ်တတ်၏။ သမားရိုးကျ အတ္တတို့ဖြင့် နာဖျားပူလောင်နေတတ်သော နေ့ကာလများနှင့် သူ့ညသည် အမှန်တကယ်အားဖြင့် လားလားမျှ မတူတန်မှန်း သူသိလာခဲ့ပြီ။

 

 

ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းမှုမျိုး၊ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ယုံကြည်မှုမျိုး၊ လေ့လာဆန်းစစ်သူတစ်ယောက်၏ အတွေးအခေါ်မျိုးသည် ညတံခါးပေါက်မှတစ်ဆင့် သူ့နှလုံးသားအသိုက်အမြုံသို့ ချဉ်းနင်းဝင်ရောက်လာတတ်သည်မှာ အိမ်ဦးနှင့်ကြမ်းပြင်ပမာ တပြေးတည်းဖြစ်နေချေပြီ။ ထိုဧည့်သည့်လာလည်သော အခိုက်အတန့်တိုင်းသည် သူ့တကိုယ်စာ ဧည့်ခန်းနံရံတွင် သူ့ကိုယ်သူလိပ်ပြာသန့်မှု၊ ယုံကြည်မှု၊ လေးစားမှု ဆိုသော မှတ်ကျောက်ကို ချိတ်ဆွဲဂုဏ်ယူ နိုင်သည့် သီးသန့်ဆန်ဆန်အချိန်များဖြစ်လေ၏ ။

 

 

ထိုဧည့်သည်သည် သူ၏ကောင်းကင်ကင်းဗတ်စပေါ်မှ အရေးကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။

သူပျောက်ဆုံးနေသော အစိမ်းရောင်စုတ်တံတစ်ချောင်းကို ပြန်ရှာတွေ့သောနေ့တွင် ကင်းဗတ်စပေါ်ရေးရမည့် ပုံတစ်ခုရှိပါသေးသည်။ ကင်းဗတ်စ၏ အလယ်ဗဟိုတွင် စိမ်းစိုလန်းဆန်းသည့် ရွက်ပျိုတို့ အပြိုင်းအရိုင်း ဝေဆာနေမည့် အရိပ်ရနှစ်ချို့ပင်အိုကြီးတစ်ပင်ကိုဖြင့် မပါမဖြစ် ပါအောင်ထည့်ဆွဲမည်ဟု သူတေးမှတ်ထား၏။ ထိုသစ်ပင်ကြီးအောက်တွင်အေးအေးလူလူထိုင်ရင်း သူချစ်သောကောင်းကင်ကို မျက်ဝန်းကြည်ကြည်လေးများဖြင့် ငုံ့ကြည့်ချင်ပါသေးသည်။

 

 

 

ငြိမ်းငြိမ်းပြည့်

 

စက်တင်ဘာ ၂၆ ၊ မနက် ၀၂း၂၀

၂၀၁၂ ခုနှစ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s