မက်မုံသီးလေးရဲ့ အစိမ်းရောင်

အတိတ်၏ အဆုံးသည် လေစိမ်းထန်ခဲ့သည်။စိမ်းကားသော အစိမ်းရောင်တို့ဖြင့်   ခြယ်သသည်။ သူပစ်ချခဲ့သော အစိမ်းရင့်ရောင်ကန့်   လန့်  ကာသည် သူနှင့်ကျွန်မကြား ဆက်သွယ်မှုများကို လမ်းစပျောက်သွားစေပြီ။ကျမ၏ စိတ်ဘ၀င်တွင် အစိမ်းရောင်သည် ဆွတ်ပျံ့   ဖွယ်အရာတစ်ခုအဖြစ် ၀င်ရောက်ကပ်ညှိလာပါတော့သည်။

သူကမ်းပေးခဲ့ဖူးသည် အစိမ်းရင့်ရောင် ထီးကလေး ၊ အတူလျှောက်ခဲ့ဖူးသည့် မြက်ခင်းစိမ်းစိမ်း ၊ နောက်ဆုံး သူထားရစ်ခဲ့သည့် ခပ်စိမ်းစိမ်း နှလုံးသားတစ်စုံ ၊ အရာရာသည် အတွေးအိမ်တွင် စိမ်းလန်းစွာပေါက်ရောက်ရှင်သန်နေဆဲပင် ။

*               *                  *

အစိမ်းရောင်….

အေးမြခြင်း ၊ လတ်ဆတ်ခြင်း ၊ တည်ကြည်ခြင်း ၊ စိမ်းကားခြင်း ၊ လန်းဆန်းခြင်း ၊ နုသစ်ခြင်း တို့  ကို ပေးစေ၏ ။မနက်မိုးသောက် ရောင်နီရောက်တိုင်း ကျမကို နှုတ်ခွန်းဆက်သတတ်သူများထဲတွင် အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းကြီး နှစ်ပင်ပါ၏ ။မြင့်မားအိုမင်းလွန်းမနေသလို ၊ အပင်ပေါက်စလေးလည်း မဟုတ်သည့် အိမ်ရှေ့က ထိုဗာဒံပင်နှစ်ပင်သည် နုသစ်သော စိမ်းဖန့်ဖန့်     ရွက်ပျိုတို့  တစ်ဝက် ၊ အိုဟောင်းနေပြီ ဖြစ်သော ရော်ရွက်ဝါတို့   တစ်ဖက်ဖြင့်     ကပိုကရို ကြွေလျက်ဝေလျက် ရှိသည် ။

ဘယ်အချိန်ထဲက စတင်သည် မသိ။ကျမက အစိမ်းရောင်ကို ကြိုက်သည် ။စိမ်းစိမ်းစိုစို   မြင်လျင်သဘောကြသည်။ဘာရယ်မဟုတ်ပဲနှင့်ပင် အိပ်မက်စိမ်းစိမ်းများ မက်ခဲ့ဖူးသော နယ်မြို့လေးက အထက်တန်းကျောင်းကို လွမ်းသည် ။အဖြူအစိမ်းဝတ် ကျောင်းသူဘ၀လေးကို လွမ်းသည် ။အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းတွေကို မြင်တိုင်း ကျောင်းထဲက ဗာဒံပင် မြင့်မြင့်ကြီးတွေကို သွားသွားသတိရသည် ။ထို့အတူ မြက်ခင်းစိမ်း ကဗ္မလာကို လွှမ်းခြုံထားတတ်သော ကျောင်းဝန်းနံဘေးက တာရိုးကြီးကိုလည်း အပြေးအလွှား သတိရသည် ။ တစ်စုံတစ်ယောက် လွယ်ခဲ့ ဖူးသည့် လွယ်အိပ်အစိမ်းရောင်လေးကို မြင်ယောင်မိသည်။

တောင်စဉ်တောင်တန်း တစ်ခုပမာ မားမားကြီး လှဲလျောင်းနေသော စိမ်းညို့ညို့တာရိုးကြီးပေါ်တွင် သူနှင့်အတူ တစ်ခါတစ်ခေါက် ပြန်လည်လျှောက်လှမ်းချင်ပါသေးသည်။အခုအချိန်များဆိုလျင် `ယမနေဆောင်´ရှေ့   က ကုက္ကိုပင်ကြီးများမှ လေအဝှေ့တွင် ကြွေနေမည်ဖြစ်သော ကုက္ကိုရွက်ကလေးများသည် လိုက်လံဖမ်းယူဆော့ကစားမည့် ကောင်မလေးတစ်ယောက် မရှိတော့ပြီ ဖြစ်၍ ပျင်းရိနေချေတော့မည် ။ကျောင်းဝန်းထဲရှိ စိမ်းညို့ညို့ သစ်ပင်ကြီးများအောက်က အညိုရောင်သစ်သားထိုင်ခုံဝိုင်းကလေးများသည်လည်း အသစ်..အသစ်သော ကျောင်းသားကလေးများကို လောက၀တ်မပြတ် ခင်းကျင်းဧည့်ခံနေဆဲ ရှိပေလိမ့်မည် ။

*               *                  *

စိန်းလန်းခဲ့ဖူးသော တစ်ခါက အိမ်မက်များတွင် မြက်ခင်းစိမ်းစိမ်းကြားက `ကျွန်းရွှေဝါဆောင်´လည်း ပါသည်။ထိုအဆောင်၏ ၀ရံတာတွင် အဖြူရောင် စကားများ ကြွေခဲ့ဖူး၏ ။ ပန်းနုရောင် အပြုံးများ ဝေခဲ့ဖူး၏ ။ရွှေအိုရောင် အနာဂတ်များ ပုံဖော်ဖူး၏ ။ ထိုအဆောင်၏ လှေကားထစ်များတွင်ပင် အရိုင်းဆန်သော တိုးဖွဖွ ရယ်သံများ ကြားခဲ့ဖူးပါ၏ ။

ခရေဆောင်ထိပ်က ခရေပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးအောက်တွင် အစိမ်းရင့်ရင့် အလွမ်းများ တစ်ဖန်ပြန်လည်ဝေနေပြီ ထင်ပါ၏ ။ အဆောင်ရှေ့  ပန်းခင်းအကြား ၊ မြက်ခင်းပြင် စိမ်းစိမ်းပေါ်တွင် သစ္စာတိုင် ရတုတစ်ခုကို သီကုံးခဲ့ဖူး၏ ။ ပန်းချီကားတစ်ချပ်ထဲကလိုပင် အညိုရင့်ရောင် သက်ပြင်းငွေ့တို့ဖြင့် အဖော်မဲ့နေသော သစ်ခြောက်ပင်အိုကြီးတစ်ပင်သည် ကျွန်မတို့ကျောင်း၏ မြက်ခင်းစိမ်း ကွက်လပ်ကြားတွင် မားမားမတ်မတ် ရှိခဲ့ဖူး၏ ။

တစ်ခါတစ်ရံများတွင် ကျွန်မတို့  လမ်းလျှောက်ထွက်ခဲ့ဖူးသော စပျစ်ချိုရောင် ညနေခင်းများက တာရိုးစိမ်းစိမ်းကြီး၏ ကျောပြင်ထက်တွင် အသက်ဝင်ခဲ့ဖူးသည်။ထိုဒေသကလေးဆီတွင် လတ်ဆတ်သော လေနုအေးကလေးများ သဲ့သဲ့တိုက်ခက်သည် ။ မြက်ခင်းစိမ်းက လန်းဆန်းစွာ ရင်ဖွင့်ကြိုဆိုသည်။မျက်စိ တဆုံးတွင် လယ်ကွင်းစိမ်းစိမ်းများနှင့် ကျောင်းဘောလုံးကွင်းကြီး ရှိသည်။ရံဖန်ရံခါ ရောင်စုံသက်တန့်ကြီး ရေသောက်ဆင်းနေသည်ကို တမေ့တမော ငေးရီနေနိုင်သေးသည်။အနောက်ဘက်တွင် အဆီးအတားမဲ့ ကောင်းကင်ကြီးနှင့် အတောမသက်နိုင်သော လယ်ကွင်းပြင်စိမ်းစိမ်းများကို ကျောပေးထားသော `စကားဝါဆောင်´သည် ကျွန်မ နောက်ဆုံးခြေချခဲ့သော အဆောင်ဖြစ်သည်။ကျွန်မတို့၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထိုအဆောင်၏ အခန်းတစ်ခန်းတွင် ဖြေဆိုအောင်မြင်ခဲ့ကြပါသည်။
*               *                  *

ရွက်နုစိမ်းများဝေသော နွေဦးရာသီ ရက်စွဲများတွင် ကျောင်းနောက်ဖေး ငှက်ပျောတောစိမ်းစိမ်းကြီးကြား အတန်းလစ်၍ တစ်တန်းလုံးနီးပါး သွားထိုင်ခဲ့ကြဖူးသည်။ ထိုငှက်ပျောတော၏ ဟိုမှာဘက်တွင်  မျက်စိတစ်ဆုံး ကျယ်ပြောလှသော ဟင်းလင်းပွင့်နေသည့် လယ်ကွင်းပြင်ကြီး ရှိ၏ ။ မိုးကောင်းကင် ပြာကြီးနှင့် တိမ်ဆိုင်တိမ်ခဲများကို ဟိုးမိုးကုတ်စက်ဝိုင်းနေရာအထိ အားရပါးရ ငေးမောနိုင်၏ ။ နေ့လည်ခင်ဒ၏ တိမ်တိုက်များသည် နီတစ်ခါ ၊ ၀ါတစ်လှည့် ဖြင့် နေရောင်အောက်တွင် ဆေးရေးချယ်ကာ ကခုန်နေတတ်သည်။အသံသြသြချိုချိုလေးကို မွေးရာပါ ပိုင်ဆိုင်သော ကောင်ကလေးက `၀ိုင်ဝိုင်း´ ၏ `ဖြေသိမ့်လိုက် ´ ကို ဆိုပြရင်း မျက်ရည်ဝဲခဲ့ကြဖူးသည်။

အစိမ်းရောင် အ၀တ်ဖိနပ်လေးကို တမက်တမော ၀ယ်စီးခဲ့ဖူး၏ ။ ခေါက်ရိုးကျိုးသွားသည့်တိုင် မပစ်ရက်ခဲ့ပါ ။ အစိမ်းရောင် အင်္ကျီလေးများကို ကြိုက်၍ မကြာခဏ ၀တ်မိသည်။ အစိမ်းရောင် ပန်းချီကားလေးများ ၊စာအုပ်လေးများ ၊ အသုံးအဆောင်လေးများသည် ယနေ့ထက်တိုင် ကျွန်မကို ဆွဲဆောင်နိုင်ဆဲပင် ။ထို့အတူ ကျွန်မ၏ နှစ်ချို့ အလွမ်းစာမျက်နှာတွင် ` အစိမ်းရောင်….´ ဆိုသော ပညက်ချက်ကလေးသည် စိမ်းလန်းစွာ ပေါက်ရောက်ရှင်သန်နေပါသေးသည် ။

*               *                  *

မက်မုံသီးလေးရဲ့ အစိမ်းရောင်

မက်မုံသီးလေးရဲ့ အစိမ်းရောင်

ငြိမ်းလေး

မေ ၂၆ ၊ ၂၀၁၀

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s