ကိုရေ…..

ကိုရေ..
အဲဒီ့မှာ နွေဦးရာသီ ရောက်နေတယ်နော်…။ နင်တင်ထားတဲ့ ပုံမှာ ငါမြင်ရတာ တကယ်သာယာတာပဲ။နင့်ရဲ့ အနောက်က တောင်တစ်လုံးက နေရောင်ခြည်ဆမ်းပြီး ငွေတောင်ကြီးလိုတောင် ဖြစ်နေတယ်။ပြီးတော့ နင်ရပ်နေတဲ့ လမ်းကလေးမှာ တောပန်းလေးတွေတောင် ရောင်စုံပွင့်နေသေးတယ်။နင်ရောက်နေတဲ့ တောင်ရဲ့ အောက်က တောင်စဉ် တောင်တန်းအထပ်ထပ်တွေမှာလည်း တိမ်မျှင်စဖြူဖြူ တွေကိုမြင်နေရတယ်။ဒါပေမယ့်လေ……
အဲဒီ့သဘာဝ ၊ အဲဒီ့ရေမြေထက် ပိုလန်းဆန်းလှပတာက နင့်အပြုံးကြည်ကြည်လေးတစ်စုံလို့ ငါပြောရင် နင်ပြုံးဦးမလားပဲနော် ။
ကိုရေ….
အဲဒီ့မှာ နင်နေပျော်တယ်လား ။ သာယာအေးချမ်းတဲ့ ငါတို့ရဲ့ ဇာတိမြို့လေးကို သတိတော့ ရမိမှာပါနော်။ ကိုရေ..အရင်ကနင် တခမ်းတနား သီချင်းတွေရေးခဲ့ဖူးတဲ့ နွေဦးရာသီမှာ အခုနင် ဘာတွေလုပ်နေလဲဟင် ။ ငါကတော့ ကမ္ဘာ့ဒီဘက်ခြမ်းနိုင်ငံလေးက မိုးဖွဲဖွဲအောက်မှာ တစ်ယောက်ထဲ လမ်းလျှောက်နေတယ် ။ ပြီးတော့..ကိုရေ..
နင့်ကိုငါ လွမ်းနေမိတယ် ။
*

ကိုရေ….
ဒီတစ်ခါ မိုးရွာပြီးလို့ ရောင်စုံသက်တန့်ကြီးရေသောက်ဆင်းလာရင် သက်တန့်ပေါ်မှာ လမ်းတက်လျှောက်လိုက်ဦးမယ်။ အဲဒီ့ သက်တန့်ကြီးရဲ့ ဟိုးတစ်ဖက်စွန်းမှာ နင်များရှိနေမလားလို့ ။

**
ငြိမ်းလေး
ဇူလိုင် ၊ ၂၃ (သောကြာနေ့)
ည ၁၀ နာရီ ၂၄ မိနစ်

Leave a comment