ရောက်တတ်ရာရာ

ဘ၀ ဟာ ပျားရည်တစ်ခွက်လို အမြဲတမ်းတော့ မချိုမြိန်ပါဘူး ။ တစ်ခါတစ်လေများဆို သတိထားနေရင်းနဲ့တောင် အိပ်မက်တွေ လုယူခံရတတ်တယ်။ဒီလိုနဲ့ပဲ ကျမ စိုက်ပျိုးထားတဲ့ ပန်းသီးတွေ သူများ လက်ထဲမှာ ညှိုးငယ်ပဲ့ကြွေလို့ နှမြောတသတတ်ပေမယ့် ပြန်မတောင်းချင်တော့လဲ အပြုံးတွေက ပါးလျလာပြန်ပေါ့ ။နောက်ဆုံး ကျမ တစ်ကိုယ်စာ ဥယျာဉ်လေးက ရှိစုမဲ့စု ဟာသဥာဏ်လေးနဲ့  ရှာကြံပျော်ရပြန်တယ်။

စမ်းချောင်းလေး တစ်စင်းလောက် ရှာဖွေတွေ့ရှိချင်ပါတယ်။အပိုင်မဟုတ်ရင်တောင် ခဏတာ အမောပြေလောက်ဖြစ်ဖြစ် စမ်းချောင်းနံဘေး ထိုင်ငေးပါရစေ ။ရေညှိပါးပါး ကပ်နေတဲ့ ကျောက်တုံးစိမ်းညို့ညို့လေးတွေ ၊ လွတ်လွတ်လပ်လပ် ကူးခတ်နေတဲ့ ရွှေဝါရောင် ငါးကလေးတွေ ၊ ရေစီးအတိုင်း မျောပါရွက်လွှင့်လာတဲ့ သစ်ရွက်ကြွေ တွေ ကို စမ်းချောင်းနံဘေးက မိုးမခ ပင်ရဲ့ အရိပ်အောက်မှာ တရေးတမော မှေးစက်ရင်း ကြည့်နေချင်တယ်။

ကိုယ်ပိုင်အသိစိတ်နဲ့ သယ်ပိုးထားရတဲ့ ၀န်ထုတ်ဝန်ပိုး တစ်ချို့က တစ်ခါတစ်လေ ပင်ပန်းလွန်းအားကြီးပါတယ်။ ဒဏ်ရာတွေက ရင်ဘတ်ထဲမှာ အရောင်၇င့်ရင့် စွန်းထင်းလို့ ။ အတတ်နိုင်ဆုံး ပျော်စရာတွေပဲ တွေးတတ်ပေမယ့် ဟန်ဆောင်ခြင်း အတတ်ပညာမှာတော့ သုညအောက် ကျမှတ်နဲ့ပဲ ဘယ်လိုကြိုးစား ၊ ကြိုးစား မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် ဘ၀ကိုအရိုးစင်းဆုံး လမ်းလေးကနေ ဖြောင့်ဖြောင့်လျှောက်နေတာတောင် လှေကားထစ်တွေ မြင့်မယ်ကြံတိုင်း အသားလွတ် တွန်းချချင်သူတစ်ချို့  တွေ့ရပြန်တယ်။ဟန်ဆောင်ကောင်းတဲ့ သူတွေကို သဘောမကျ (အမြင်ကပ်) တတ်တာက ကျမရဲ့ အားနည်းချက်တဲ့ ။

ဒီဘ၀မှာ လူနှစ်ယောက် လမ်းသွားရင်း အိကျီင်္စချင်း မတော်တဆ  ထိခပ်မိဖို့ဆိုတာ ရှေးဘ၀ပေါင်း ၃၀၀၀ (သုံးထောင်) လောက် ရင်းနှီးချစ်ခင်ခဲ့ဖူးမှ ဖြစ်တာလို့ ကြားဖူးတယ်။ဒီလိုဆိုရင် အခုဘ၀မှာ တွေ့ဆုံရင်းနှီးခွင့်ရတဲ့ ကျမချစ်တဲ့ လူသားတွေကို တန်ဖိုးထားသင့်တယ်ဆိုတာ ငြင်းနေစရာမလိုဘူးလေ ။ကျမအပေါ်ချစ်ခြင်းမေတ္တာထားကြ တဲ့ သူတွေကို ရင်နှင့်အမျှ ကျေးဇူးတင်ပါတယ်။ ဘာရယ်မဟုတ်ဘဲနဲ့  တစ်ခါတစ်လေတော့လဲ  လူတွေအများကြီးကြားက ဘ၀ကြီးဟာ အထီးကျန်ဆန်လွန်းနေပြန်တယ်။

ကျွန်မ မျှော်လင့်ချင်တဲ့ ပင်လယ်ဖြတ်မယ့် သက်တန့်တစ်စင်း

ကျွန်မ မျှော်လင့်ချင်တဲ့ ပင်လယ်ဖြတ်မယ့် သက်တန့်တစ်စင်း

ဘ၀ရဲ့ နွေဦးနေ့လည်ခင်းတွေရောက်ရင်တော့ ဟိုးမိုးသားပြာပြာထက်က တိမ်အုပ်ဖြူတွေ မျောလွင့်နေသလို ၊  ငှက်ငယ်တွေ  တောင်ပံဖြန့်နေသလို ကျမရဲ့ စိတ်ကူးတွေကို အဆီးအတားမဲ့ ပုံဖော်ကြည့်ချင်သေးတယ် ။ ကျမ တမေ့တမော လိုချင်နေတဲ့ ကော်ဖီနွေးနွေးတစ်ခွက်ကို ငြိမ်းချမ်းခြင်း ကျွန်းကလေးမှာသာ ရနိုင်လိမ့်မယ်တဲ့ ။ လရောင်မဲ့ နေတဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ကျော်ရမှာမို့ သက်တန့်တစ်စင်းကို ခိုစီးသွားမှသာ ဟိုဘက်ကမ်းခြေ ရောက်နိုင်လိမ့်မယ်။ဟုတ်ကဲ့ ။ ပျော်ရွှင်ခြင်း ဆိုတဲ့ ခုနှစ်ရောက်ခြယ် သက်တန့်တစ်စင်းကို ကျမ မျှော်လင့်ခွင့် ရနိုင်မလားဟင် ။

ငြိမ်းလေး

ဂျူလိုင် ၄ ၊ ၂၀၁၀

ည ၉ နာရီ ၁၅ မိနစ်

Advertisements

2 thoughts on “ရောက်တတ်ရာရာ

  1. လူတွေအများကြီးကြားက ကိုယ်ပိုင်ဘ၀ကြီးတစ်ခုက အထီးကျန်ဆန်နေပုံခြင်းက တူသယောင်ယောင်ဘဲး)

  2. လူတွေအများကြီးကြားထဲမှာ ကိုယ်ပိုင်ဘ၀ကြီးတစ်ခုက အထီးကျန်ဆန်တာတော့ တူသယောင်ယောင်ဘဲဗျား(

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s