ငါ့ဆီ အမြန်လာပါ

ခုတလော..

စားရမယ့်ထမင်းကို  စားရမယ့်အချိန်  စားလို့ကို မ၀င်ဘူး

အိပ်ရမယ့်အလုပ်ကို  အိပ်ရမယ့်အချိန် အိပ်လို့ကို မပျော်ဘူး

သွားရမယ့်လမ်းကို သွားရမယ့်အချိန် သွားလို့ကိုမရောက်ဘူး

ပြောရမယ့်စကားကို  ပြောရမယ့်အချိန် ပြောလို့ကို မထွက်ဘူး

လုပ်ရမယ့်အလုပ်ကို လုပ်လို့ကိုမရဘူး ။

ခုတလော….

ငါဘာဖြစ်နေမှန်း

ငါ့ကိုငါ မသိတော့လို့

ငါ့ဆီလာပါ  အမြန်လာပါ ။

မနက်ဖြန်

ငါဘာဖြစ်မယ်မှန်း

ငါ့ကိုယ်ငါ မသိတော့လို့

ငါ့ဆီလာပါ  အမီလာပါ ။

ကျေးဇူးပြု ၍

ငါ့ဆီလာတဲ့အခါ…..

ရယူခြင်းတွေ မပါခဲ့ဘဲ

မျှော်လင့်ခြင်းတွေ မစောင့်ခဲ့ဘဲ

တပ်မက်ခြင်းတွေ မသယ်ခဲ့ဘဲ

နာကျင်ခြင်းတွေ မညည်းခဲ့ဘဲ

အောင်မြင်ခြင်းတွေ မခေါ်ခဲ့ဘဲ

ငါ့ဆီလာပါ  အမြန်လာပါ ။

ကျေးဇူးပြု၍

ငါ့ဆီလာတဲ့အခါ….

မျက်လုံးတွေကို ဖောက်ထုတ်ခဲ့ပြီး

ဦးနှောက်တွေကို ပြာချခဲ့ပြီး

ငွေကြေးတွေကို စွန့်ထားခဲ့ပြီး

ပါးစပ်တွေကို ဖြုတ်ထားခဲ့ပြီး

ခြေထောက်တွေကို ရိုက်ချိုးခဲ့ပြီး

ငါ့ဆီလာပါ  ” အရောက် ” လာပါ ။

ကျေးဇူးပြု၍

ငါ့ဆီ လာတဲ့အခါ…

ဘာမှ မပါလည်း နေပါစေလေ

အနည်းဆုံးတော့

ပခုံးတစ်ဖက် နားရွက်တစ်စုံသာ

သယ်ဆောင်လာပြီး

ငါ့ဆီလာပါ အမြန်လာပါ ။

ဂျူနီ

Leave a comment