သြချို

ဘ၀မှာ ကြုံဆုံရသည့် သာမာန်ပျော်စရာလေးများသည် တစ်ခါတစ်ခါကျတော့လည်း အကြီးမားဆုံး ပျော်စရာများ ဖြစ်သွားတတ်ပါသည်။မိုးမည်းမည်းတို့  သဲကြီးမည်းကြီး ရွာချသော ညနေခင်းများတွင် အစိမ်းရင့်ရောင် ထီးကလေးအောက်မှာ မိုးထဲလေထဲ ပျော်ခဲ့ဖူးသည်။ဆောင်းရာသီ၏ မနက်ခင်းတစ်ခုတွင် ခိုက်ခိုက်တုန်နေသော ကျမ၏ လက်အစုံကို သူ၏ ကုတ်အင်္ကျီအိပ်ထဲ သွင်းထားစေပြီး သူ့လက်ဖြင့် အုပ်ထွေးကာ အနွေးဓာတ်ရခဲ့ဖူးသည်။နွေဦးရာသီ၏ နာရီများတွင်တော့ သူ့ဂစ်တာအနက်ရောင်ကလေးကို တီးခတ်ရ်ျ သီချင်းများစွာကို အသက်ဝင်စေခဲ့ဖုးသည်။ရိုးရှင်းသော မိုးကောင်းကင်အောက်မှ အောက်မေ့ဖွယ် အခိုက်အတန့်များကို ပိုင်ဆိုင်ခဲ့ဖူးပါသည်။

*                                        *

အတိတ်…
အရာရာတိုင်း ၊ လူသားတိုင်း ၊ လောကကြီးမှာ ဖြစ်တည်နေသမျှ သက်ရှိသက်မဲ့တိုင်းတွင် အတိတ်ရှိကြသည်။မနက်ဖြန်ရှိသလို မနေ့ကဆိုတာ ရှိသည်။မနက်ဖြန်အထိ အသက်ရှင်လျက် ဆက်နေခွင့် ရဦးမည်လား ဆိုတာ မရေရာပေမယ့် ပြီးခဲ့ပြီဖြစ်သော မနေ့ကနေ့ရက်များကတော့ အသေအချာကို ရှိနေခဲ့ပြီ။ကောင်းတာတွေလည်း ပါကောင်းပါမည်၊မကောင်းတာတွေလည်း ပါချင်ပါမည်။မည်သို့ပင်ဖြစ်စေ မနေ့ကပေါင်း မြောက်မြားစွာဖြင့် ဖွဲ့စည်းထားသော အတိတ်သည် တစ်စုံတစ်ရာကိုတော့ဖြင့် မြုပ်နှံထားတတ်မြဲဟု ထင်သည်။အတိတ်အကြောင်းကို စိတ်ရှိလက်ရှိ တမေ့တမော တွေးချင်တိုင်း ပြန်တွေးရတာက အရသာ တစ်မျိုးပင်။ရံဖန်ရံခါများတွင်တော့ လက်ရှိမှာ ငုတ်တုတ်ထိုင်နေရင်းပင် တိုက်ဆိုင်မှု တစ်ခုတစ်လေကို ခလုပ်တိုက်မိပြီး အတိတ်ကို အပြေးအလွှား သတိရတတ်သွားပြန်သည်။

ကျားပေါက်ရဲ့ သတိရရဲ့လား ကိုကြားတိုင်း ၊ စိုင်းစိုင်းနဲ့ မို့မို့ရဲ့ ၀မ်းနည်းမှတ်တမ်းကို ကြားတိုင်း ၊ Bluenight သီချင်းကို ကြားတိုင်း ၊ ခရစ်ယာန် ဓမ္မတေးသံတွေကို ကြားတိုင်း ၊ မိုးတိမ်တွေ မှောင်လာတိုင်း …..ဟိုးဝေးဝေးက မြို့လေးဆီ စိတ်အစဉ်က ကသုတ်ကရက် ရောက်သွားတတ်သည်။ထိုသီချင်းများ ၊မိုးဖွဲဖွဲအောက်က ညနေများ ၊ နယ်မြို့လေးသို့ သတိရစိတ်များနှင့်အတူ သီချင်းရှင်လေးတစ်ယောက်ကိုလည်း ခပ်သဲ့သဲ့ လွမ်းမိပြန်သည်။ပီသကြည်မြနေသော တေးဆိုသံကလေးနှင့် ဂစ်တာအနက်ရောင်ကလေး ကို ရင်နှင့်အမျှ ပြန်ကြားမြင်ယောင်လာမိ၏ ။ မိုးဦးကျများ ၊ဆောင်းဦးပေါက်များ ၊ နွေဦးရက်စွဲများ ၊တခမ်းတနား ခူးဆွတ်ခဲ့ဖူးသော အပြုံးရိပ်များ ခုချိန်ထိ ဆေးရောင်မပြယ် သတိတရ ရှိနေဆဲပင် ။

*                                        *

မိုးတိမ်တွေနှင့် ညိုရင့်နေသော နယ်မြို့လေးတစ်မြို့မှာ အဲဒီ့ဆွတ်ကျင်ဖွယ်ကောင်းအောင် သတိရမိနေသည့် ညနေခင်းလေး တစ်ခုကို ဖြတ်လျှောက်ခဲ့ဖူးသည်။ တိမ်မည်းများ ၊မိုးချုန်းသံများ နှင့် လေပြေများ ကဆုန်စိုင်းနေသော ကျောင်းဆင်းခေါင်းလောင်းထိုးခါနီး အချိန်ပိုင်းလေးမှာအစိမ်းရင့်ရောင် ခေါက်ထီးလေးတစ်ချောင်း ကမ်းပေးလာသည့် တစ်စုံတစ်ယောက် ကိုလည်း တွေ့ရှိခဲ့ဖူးသည်။

တစ်ခါတစ်ခါ အလွန်စိတ်အားငယ် ၊ စိတ်ဓာတ်ကျတတ်သော ကျမကို ကျောင်းဘောလုံးကွင်းဘေးမှ မြက်တောဆီ ညွှန်ပြကာ စိတ်အားတက်စရာ စကားတစ်ခွန်းကို ခြွေလှစ်ခဲ့သည့် တစ်စုံတစ်ယောက်ကိုလည်း ပိုင်ဆိုင်ခဲ့ဖူးသည်။“မြက်တောထဲမှာ နေရာတစ်နေရာ ရနိုင်ရေးအတွက် တိုက်ပွဲဝင်နေသည့် တောပန်းလေး၏ အံ့ဖွယ်ကြံ့ခိုင်စိတ်ထားကို အားကျပြီး ပျော်နိုင်ပါသည်” တဲ့ ။

လိုအပ်သည့် အချိန်မှာ လိုအပ်တာကို မည်သူမျှ အလွယ်တကူ ရနိုင်ကြမည် မဟုတ်ပါ။သူ့ကို လိုအပ်သော ၊ သူ ကျမအနားမှာ မရှိတော့ပြီ ဖြစ်သော ယခု အချိန်များတွင်တော့ သူ့ကိုယ်ပွား ၊ သူ့စကားများကိုသာ သတိတရ ဖြစ်နေရပါသည်။

အမြဲလို တည်ငြိမ်အေးချမ်းနေသည့် မျက်လုံးကြည်ကြည်လေးတစ်စုံ ၊ လက်ရေးညီညီ သန့်သန့်လေးများပါသည့် စာရွက်ပိုင်းလေး သုံးခု ၊ ချန်လှပ်ထားခဲ့ဖို့ မသင့်သည့် တရုတ်စံကားပွင့်များနှင့် နှစ်ယောက်အတူ ခြွေချခဲ့ပြီးသည့် အိပ်မက်အကြွေများကို ကျမ တစ်ယောက်တည်း တိတ်တဆိတ် ရှာဖွေကောက်ယူချင်နေဆဲပါ။

*                                        *

ဘယ်သူနဲ့မှမတူ တမူထူးသော အသံသြသြ ချိုချိုလေးကို မွေးရာပါ ပိုင်ဆိုင်သော တစ်စုံတစ်ယောက်ကို ` သြချို ´ ဟု ကျမဘာသာ သီးသန့်အမည်ပေးထားခဲ့ဖုးသည်။သြချို တွင် နူးညံ့အေးချမ်းသော မျက်လုံးကြည်ကြည်လေးတွေ ရှိ၏ ။ စိမ်းဖန့်ဖန့် အရောင်ထွက်နေသော မျက်ခုံးထူထူုတွေ ရှိ၏ ။ ယောင်္ကျားလေးတန်မယ့် ပျော့အိနေသော ဆံပင်ညို စင်းစင်းလေးတွေ ရှိ၏ ။ ဖြူဝင်းပြီး အ၀ါရောင်ဘက် လုနေသော အသားအရည်နှင့် သြချို၏ လက်ဖျံပေါ်တွင် မွှေးညှင်းစိမ်းကလေးများက သာမာန်ထက် အနည်းငယ် ရှည်လျားစွာ ပေါက်နေသည်။ထိုကောင်လေး၏ လက်ချောင်း သန့်သန့်ဖြူဖြူရှည်ရှည်လေးများ ဂစ်တာကြိုးပေါ်တွင် ပြေးလွှားကခုန်တိုင်း တမေ့တမော ငေးမောကြည့်ခဲ့ဖူး၏ ။ နှုတ်ခမ်းထောင့်စွန်းလေး ကော့ညွှတ်သွားရုံ လွန့်လွန့်လေး ပြုံးလိုက်သည့်အခါတိုင်း သွားစွယ်ဖြူဖြူလေး လှစ်ခနဲ ပေါ်လာတတ်သည်က အသည်းယားဖို့ကောင်းသည် ။
ဒီလို ချစ်စဖွယ် အပြုံးမျိုး သူမို့ ပြုံးပဲ ပြုံးတတ်ပါသည် ။

လောကကြီးမှာ သူလိုလူမျိုးနောက်ထပ် ရှိကောင်းရှိနေနိုင်ပေမယ့် သြချိုသည် ကျမ ဘ၀ တစ်သက်တာ တွေ့ခဲ့ဖူးသမျှ လူတွေထဲတွင်မတော့ စိတ်ကောင်းအထား တတ်ဆုံး (တစ်နည်းအားဖြင့်) စိတ်ထားအကောင်းဆုံးနေတတ်သည့် တစ်ဦးတည်းသော လူသားလေးတစ်ယောက်ပင်။ သြချို ဒေါသထွက် ၊ ရန်လိုသည်ကို ဘယ်သောအခါကမှ မတွေ့ခဲ့ဖူးပါ။ကျမ၏ သြချိုသည် အံ့သြရင်ခုန်ရလောက်အောင် ကျမကို အရေးပေးအလေးထားခဲ့ဖုးသည်။သြချိုပေးခဲ့ဖူးသော ချစ်ခြင်းတရားဖြင့် ကျမ၏ အတိတ်ကမ္ဘာငယ်လေးသည် အဓိပ္ပါယ် ပြည့်စုံခဲ့ဖူးပါသည်။တစ်ခါတစ်ရံများတွင် သြချိုသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကဗျာဆန်လေ့ ရှိသလောက် တစ်ခါတစ်ရံများတွင်တော့ ငြိမ်သက်အေးဆေးနေတတ်သည်။မည်သို့ပင်ဖြစ်စေ တစ်ရံမလပ်တော့ သူ ကျမကို ချစ်ခဲ့ပါသည်။

* *

ဆက်ရန်…ဆက်ရန်….ဆက်ရန်….

ငြိမ်းလေး

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s