သိန်းစွန်ငှက်ရဲ့ အပြန်လမ်း

သိန်းစွန်ငှက်ရဲ့ အပြန်လမ်း

နောက်ဆုံးအခေါက်ပါပဲ

ကျွန်တော် ရွာကိုပြန်လာခဲ့ပါတယ် အမေ ။

ရွာဆိုတာ ………

တမာ ထနောင်း ရှားစောင်း ပြာဿဒ် သန်း ဒဟတ်ပင်တွေနဲ့၊

မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို နီညိုညို ကျောက်ခဲလုံးတွေနဲ့

ထန်းပင်မြင့်မြင့်ကြီးတွေကြားက တဲကလေးတစ်လုံးပါ ။

အဲဒီတဲကလေးထဲ အမေ လဲလျောင်းနေပေါ့။

အမေ …. ကျွန်တော်ရောက်လာပြီ အမေ ။

အမေ့ခြေအစုံကိုပွေ့ဖက် အသံမထွက်ဘဲ ကျွန်တော်ငိုတယ် ။

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က ရွက်ယောင်းခြောက်တွေ

တရှဲရှဲမြည်လို့ … … … … ။

ကျွန်တော့်ကို စကားမပြောချင်လို့

အမေ့သွားတွေ တင်းတင်းစေ့ထားသလား

ကျွန်တော့်ကို မမြင်ချင်လို့ အမေ့မျက်လုံးတွေ မှိတ်ထားသလား

ထကြည့်ပါဦး စကားပြောပါဦး အမေရယ် ။

ဟော .. အမေ …..အမေ့ကို သူတို့

ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့

ဇရပ်အိုအို ကျောက်တုံးနီညိုညိုတွေ စီထားတဲ့

သင်းချိုင်းဆိုတဲ့နေရာကို ပို့ကြတော့မလို့တဲ့။

လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့

အမေ့အလောင်းကို ခေါင်းထဲထည့်ကြပေါ့

ကြေးစည်ကိုရိုက်နှက်ကြပေါ့။

ကျွန်တော်မငိုပါဘူး အမေ

ငိုလို့မရတော့ဘူး အမေ

အမေ့မြေး ကလေးလေးတွေ

ကျွန်တော့် တူနဲ့တူမလေးတွေ

သူတို့ငိုပါစေ ။

အမေ့သား သူတို့ရဲ့အဖေ ကျွန်တော့်အကိုကြီး

အမေ့သမီး သူတို့ရဲ့အမေ ကျွန်တော့်အစ်မ ၊

သူတို့မောင်နှမ အမေ့အရင် စောစောစီးစီး

ဟောသည်လောကကြီးထဲက

ထွက်ခွာသွားကြတော့

မိတဆိုး ဖတဆိုး ဟောသည်ကလေးလေးတွေ

အမေ့အတွက် သူတို့ငိုပါစေ ။

အမေ့အတွက်သူတို့မျက်ရည်တွေဟာ

ထိုက်တန်ပါတယ် အမေ ။

ကျွန်တော်ကတော့ နွေဦးရက်တွေအကြောင်း

သီချင်းမဆိုနိုင်တဲ့ ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို

ယာခင်းထဲက အမေ့ဘဝကို

အဝေးကပဲ တမ်းတပူဆွေးခဲ့သူပါ အမေ။

” အမေ ……နေကောင်းပါစေ။

အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့် ကိုယ်

ဖြစ်ရပါလို၏ ”

ညအိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ် ပဲ့တင်ထပ်ခဲ့တဲ့

ခွန်အားမဲ့ဆုတောင်းသံများကြား

ရှည်လျှားလွန်းတဲ့ ညတွေသာ ခန္ဓာကိုယ်ပေါ်

တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ ။

မနေ့ကတော့” အမေဆုံးပြီ ၊ အမြန်လာ ” တဲ့။

ကုသိုလ်ကြမ္မာ ၊ နုံချာလို့လား ဆုတောင်းများ

မပြည့်ဝခဲ့ဘူး အမေ ။

အမေကမွေးပေမယ့် အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့

ဟောသည် ခန္ဓာကိုယ်ကြီးဟာ

ဘာအသုံးကျတော့မှာလဲ ။

အဲသည်လို နောင်တ တရားတွေက နှလုံးသားကိုကုတ်ခြစ်

ဘဝ ဆိုတာကိုလည်း မကျေမနပ်ဖြစ်မိပေါ့။

ကျွန်တော် မငိုရဲတော့ပါဘူး အမေ

ငိုဖို့ရာ ရှက်လှပါတယ် အမေ

အမေနဲ့အတူ အမေကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့

ဟောသည် ကလေးလေးတွေသူတို့ ငိုပါစေ

ကြေးစည်ကို သူတို့ရိုက်နှက်ကြပေါ့

လှည်းဘီးကို သူတို့တွန်းကြပေါ့။

ဟော …….

နီညိုညိုကျောက်တုန်းတွေကြားက

ရထားတစ်စင်းဟာ အဝေးကို ထွက်သွားပြီ ။

ဟိုး …. လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်

သည်ရွာက လူငယ် ကျေးတောသားတစ်ယောက်

သည်ရွာကိုပြန်ရောက်မလာ ရထားဟာသူ့ကို

အဝေးသို့ ခေါ်ဆောင်သွားခဲ့။

သူနဲ့သူစီးသွားတဲ့ ရထားအကြောင်း

လူတွေ မေ့ကြပေါ့ ။

ပြောဆိုအမှတ်ရသူ တစုံတစ်ယောက်မျှ မရှိတော့ ။

အဲသည်လူငယ်ဟာ

အခု အမေ့အလောင်း အမေ့ခေါင်းကို

ဖက်ဖက်ပြီး ငိုနေတဲ့ ကျွန်တော်ပဲပေါ့အမေ ….. ။

ဟောသည်ယာခင်းတွေကြား

အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ

ကျွန်တော် မမြင်နိုင်ခဲ့ဘူး ။

အမေ့သမီး ကျွန်တော့်အစ်မရဲ့ ယောက်ျားက

ထန်းရည်သမား ၊ ထန်းရည်ချိုး ။

အမေ့သား ကျွန်တော့်အကိုကြီးရဲ့ မိန်းမက

မီးယပ်ကျိုး၊ မျက်စိတစ်ဘက်ကွယ် ။

သူတို့တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့

အမေ့မြေး ကလေးတွေနဲ့အတူ

ထန်းလျက်ကျို ၊ ထင်းခွေရေခပ်

ငတ်မသေဖို့ အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ

ကျွန်တော်သာ ဟိုအဝေးမှာပေါ့ ။

ဟိုတနှစ်က တရွာလုံး မီးလောင်ပြာကျ

အဲသည်ကတည်းက အမေဟာ

ရွာထဲကိုပြန်မရောက် အိမ်ပြန်မဆောက်နိုင်

ထန်းပင်အောက်က ထန်းတဲမှာ

အမေ အနေကြာခဲ့ပါတယ် ။

အမေရေ ……..

အမေရေ ……..

ကြေးစည်ကို ရိုက်နှက်ကြပေါ့

လှည်းဘီးကို သူတို့တွန်းကြပေါ့ ။

ဟိုး အနောက်တောင်တောတန်းက

ထန်းပင်ရိပ်ဖျားမှာ နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့ ။

တောင်သူဓလေ့ ယာမီးငွေ့တွေ လွင့်တက်လာပေါ့။

ဟိုတောင်ကမူကမ်းပါးမှာ မြက်စားနေတဲ့ နွားမတွေက

အမေ့ကို နှုတ်ဆက်နေကြသလား ။

သိန်းစွန်ငှက်အပြန်လမ်းမှာ

ကျီးကန်းတွေ ကသုတ်ကရက်နဲ့

ရွာဘက်ဆီ ပျံပြေးကြပေါ့။

နေညိုချိန် အိမ်အပြန်လမ်းမှာ

တောတန်းလျှိုမြောင် ဟို အနောက်တောင်ထဲ

မှောင်မည်းမည်းက ကျွန်တော့်ဘဝကို မဝါးမျိုမီ

ကလေးဘဝအရွယ်

ငယ်ငယ်တုန်းကလေ

တောင်ရိပ်တောင်ကြား သစ်ပင်ဖျားမှာ

မားမားရပ်နေ တစ္ဆေတွေလား ။

အမေရေ တစ္ဆေဆို ကျွန်တော်ကြောက်လှချည့် ။

တညသား ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား

တံခါးကို တအားခေါက် နွားကောက်စမ်း မြန်မြန်လုပ်

သေနတ်တွေ ထုတ်ချိန်ပြီး အခိုင်အခံ့လှည်းတစ်စင်း

နွားပြာညို တစ်ရှဉ်းနဲ့အတူ

” လှည်းမောင်းပို့ဆိုပြီး ” အဖေ့ကိုခေါ်သွား

ရွာအနောက်ဘက်တောအုပ်ကြားက

သေနတ်သံတစ်ချက်ကြားလိုက်ရ။

အဖေရေ ……

အဖေရေ …….

ကျွန်တော်တို့ မိသားစုဘဝ ရာဇဝင်ကို ဖြတ်သန်းရတဲ့ ညပေါ့။

လွတ်လပ်ရေးပြီးခါစ သူခိုးဓားပြတွေ

တန်ခိုးပြလို့ကောင်းဆဲ ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့

ကျွန်တော် အမေ့ရဲ့ကျောပေါ်မှာ

သေနတ်သံတွေကြား

ပြေးလွှားပုန်းအောင်း ရွာတောင်စောင်း နဘူးချုံထဲ

ညတိုင်းပဲအိပ်ခဲ့ရတယ်

ဟုတ်လား အမေ ။

စစ်စနက်မီး အကြွင်းအကျန်တွေနဲ့

ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း

အမေရယ် တခြားအမေတွေရယ်

အမေတွေ အားလုံး ကလေးတွေ ကို ပုခုံးပေါ်တင်ပြီး

ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့

တချို့ သားသေ ၊ တချို့လင် ဆုံး

စစ်ဆိုတာကြီးကို

မုန်းခဲ့တယ် မဟုတ်လားအမေ ။

အဖေမရှိတဲ့နောက်

အမေရယ် အကိုကြီးရယ် ၊ အမရယ်

ကျွန်တော်ရယ်လေ လောကကမ်းပါးမှာ

စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့ ။

အရွယ်ရောက်ခါစ အစ်ကိုကြီး

ထန်းလှီးသင်ရပေါ့ ။

အစ်ကိုကြီးဟာ

သာသနာ့ဘောင်မှာ အရိုးထုတ်

ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်

ကျွန်တော့်တို့အတွက်

ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့။

ကျွန်တော်ကတော့

သျှောင်တစ်စောင်းနဲ့ ဘုန်းကြီးကျောင်သား

ပြီးတော့ ပြည်တော်သာကျောင်းရောက်

ကျောင်းဆင်းချိန်မှာ

သိုး ဆိတ် နွားကျောင်း ။

ကျွန်တော်တို့တစ်တွေ

ဟိုသပြေပင်တောင် စောင်းဆီက

လက်ပြဟစ်အော်

သီချင်းတကြော်ကြော်နဲ့

ခွေးခေါ် ပတတ်တူး

ဟင်းရွက်ခူး ယုန်ရှာ

တောင်ယာလုပ်သူ ထင်းခုတ်သူတွေ

ထန်းလျက်ကျိုသူ ထန်းတက်သူတွေ

နေကပူလောင်

ကုန်းခေါင်ခေါင်မှာ

ဟိုးအနောက်တောင်မှာ

မှိုင်းပြာပြာ မြူခိုးတွေနဲ့

ပုပ္ပါးဆိုတဲ့ တောင်တော်မြတ်ကြီးဆီ

မျှော်ကြည့်ငေးမော

စိမ်းလန်းတဲ့ ယာတောတွေကြား။

အစ်ကိုယ်ကြီးက ထန်းလှီး

ကျွန်တော်က ထန်းရည်အိုးသယ်

အမေရယ် အစ်မရယ်က

ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ

တစ်ခါတလေ မြေပဲကောက်

တစ်ခါတစ်လေ ဝါစိုက်

တောအလိုက် လုပ်ငန်းစုံပေါ့ ။

” မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်

ဓားပြကြီးကြီး မိုက်သီးအခေါင်

မီးနှင့်မြိုက်လို့ ၊ တိုက်ခိုက်ပူလောင်

ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင် ”

” ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်

ပျိုတို့မောင်ယာ မလုပ်တယ်

ဝါးခုတ်တဲ့တောင် ”

အဲသည်လို အကိုကြီး တတ်တဲ့

ကဗျာတွေ ၊ သံပေါက်တွေ

ကျွန်တော့်မှာ အမွေရခဲ့ပေါ့ ။

” နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့သည်အချိန်

ဆီးမီးကွယ်မှန်အိမ်နဲ့…….. ”

အဲသည်လို

ကျေးလက်ဘဝ သီချင်းကဗျာတွေ

ရင်ထဲ မှာ အမြစ်တွယ်ခဲ့ရပေါ့။

အမေရေ …….

ကြေးစည်ကိုရိုက်နှက်နေကြပေါ့

လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။

အမေခေါင်းချခဲ့တဲ့

တဲကလေးဟာ

အမေ့ရွာနဲ့ အလှမ်းဝေးပေမယ့်

သည်တောသည်တောင်ကြား

အမေကို

တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။

အမေ့ အမေ ကျွန်တော် အဘွား

ကျွန်တော်အဘွားရဲ့ အမေ့အမေ စတဲ့

ဆွေမျိုးတော်စပ်သူရော မတော်သူပါ

တစ်ရွာလုံးနောက်ဆုံး စုဝေးရာ

ဟောဟို ဇရပ်အိုအိုရဲ့

သုဿာန်ဆိုတဲ့ နေရာရောက်အောင်

အမေ့ကို

ကျွန်တော်တို့ ပို့မှာပေါ့။

လမ်းက ကြမ်းလိုက်တာအမေ

တောင်ကမူကျတ်တီးကြား

နှစ်တွေများစွာရေတိုက်စားမှုနဲ့

ပျက်လုလု လှည်းလမ်းပေါ်မှာ

အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်

ဖြည်းဖြည်း … ဖြည်းဖြည်း ……..

ဆူးကိုင်းတွေဘေးဖယ်

မျက်နှာကို ခြစ်မိကြဦးမယ်။

ဟိုသုဿာန်ကိုရောက်တဲ့ခါ

ဘုန်းကြီးတွေက

သရဏဂုံကို ရွတ်ဖတ်

ကျွန်တော့်လက်နဲ့ ရေစက်သွန်းချ အမျှဝေ

အမေ ကောင်းရာသုဂတိလားပါစေလို့

ကျွန်တော် အမျှဝေမယ်

ကျွန်တော့် ကိုယ်ပေါ်မှာ

ဖုန်တွေပေကပ်

ညစ်ပတ်နေမလားဘဲ။

မန္တလေးက မိတ္ထီလာ

မလှိုင် ပန်းအိုင်တစ်လမ်းလုံး

ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ

အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ ။

ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ။

ဟိုသုဿာန်ကို ရောက်လို့

ရေစက်သွန်းချ အမျှဝေတဲ့အခါ

ငယ်ဆရာ ဘုန်းတော်ကြီး

ကျွန်တော့်ကိုကြည့်ပြီး

အံ့သြနေလိမ့်မယ် ။

ညရောက်တဲ့ အခါ

ဦးလေးဘယ်နေ့ ပြန်မှာလဲ

တစ်နှစ်တစ်ခါ ပြန်လာပါနော်

ကျွန်တော် ကျောင်းဆက်နေချင်တယ်

ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး ။

ဟောဒီအငယ်မ

မနှစ်က နှစ်တန်းကျတယ်

ငါ့ မောင်ရယ်

ဟောဒီကျန်နေတဲ့

မျက်စိတစ်ဘက်ကလည်း

ဆရာဝန်က ခွဲရမယ်တဲ့

အစ်မလည်း ကြောက်တတ်လို့

ဆေးရုံကို

နောက်ထပ် မရောက်တော့ပါဘူး

စတဲ့ … စတဲ့ စကားလုံးတွေကြား

ကျွန်တော် ဘာများ

တာဝန်ယူနိုင်မလဲ

မင်းတို့အတွက် ၊ ငါ့အတွက်

အနှစ်သုံးဆယ်လုံးလုံး

ဦးလေး စဉ်းစားနေတုန်းပဲ

ဦးလေးဟာ

စဉ်းစားနေတုန်းပါပဲကွယ်။

တစ်စုံတစ်ရာ

ကတိတွေပေးထားပစ်ခဲ့ပြီး

နံနက်ခင်းတစ်ခုမှာ

ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။

ဟိုတစ်ခါက

အမေ့ကို ထားပစ်ခဲ့သလိုမျိုး

” ဟောသည်ကမ္ဘာမြေကြီးရဲ့

နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့

ကျွန်တော်ကဗျာဆရာ လုပ်ရမယ်

ကဗျာ ဆရာလုပ်မှဖြစ်မယ် အမေ ”

အဲသလို ဆိုပြီး

အမေ့ကို ထားပစ်ခဲ့တုန်းက

ယာခင်းနံဘေး

တောလမ်းလေးပေါ်မှာ

မြက်ရိုင်းပင်တွေကို တိုးဖြတ်

တရှပ်ရှပ်နဲ့ ကျွန်တော့်ဖိနပ်သံတွေ

ကျန်ရစ်ခဲ့တယ် ။

ယာခင်းတွေ နောက်မှာချန်

တောတန်းတွေ ကျန်ရစ်ခဲ့တယ်။

ကျောက်စရစ်ကုန်းခေါင်

တလင်းပြောင်မှာ

ယုန်ထောင် ပတတ်တူး ချိုးတည်

ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ် ။

လိမ်လိမ်မာမာနေဖို့

စကားလုံးတို့တုန်ခါ

အမေ့မျက်နှာပေါ်က

မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။

သူငယ်ချင်းတွေ

လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့ ။

တရှဲရှဲမြည်လျက် ရထားထွက် ခွာ

တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ

တောကျီးကန်းတစ်ကောင်

အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။

မြို့ပြဘဝရဲ့

ခံစားမှုမြစ် ၊ ရသသစ်ထဲမှာ

ပလက်ဖောင်းတစ်လျှောက်

ဓာတ်တိုင်မီးတိုင်တွေ အောက်

တစ်ယောက်ကို တစ်ယောက်

ဖြတ်လျှောက်ကျော်သွားရင်း

သူစိမ်းဆန်တဲ့ လူတွေကြားမှာ

ဟို … အနောက်တောင်ဆီကို ရော်ရမ်း

တောလမ်းကလေးကို

လွမ်းခဲ့ရပေါ့ အမေ။

နေညိုချိန်အိမ် အပြန်

လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ

မားမားရပ်နေ တစ္ဆေတွေလား….

” အမေရေ

တစ္ဆေကို ကျွန်တော်ကြောက်လှချည့်

ယောင်ရမ်း ရွတ်ဆိုမိသော်လည်း

ရဲရဲတင်းတင်း

ဖြတ်သန်းရပြီ အမေ ။

လူမှုဗေဒ ဝေါဟာရနဲ့

ရသသစ်တွေက

နှလုံးသားကို တအားကုတ်ခြစ်

ပွတ်သပ်ပြီး ဖြေသော်လည်း

ယားယံမြဲပါ အမေ ။

ဆည်းဆာရီထဲ

တိုးရှဲဖြတ်သန်း

ကိုယ်လမ်းကို သွားခဲ့ရ

စကားငြင်းဆန်

ကားဟွန်းသံတွေကြား

နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ

ရောဂါထူပြောခဲ့ပေါ့ အမေ ။

အမေ့ထံ ကျွန်တော်ပြန်မလာနိုင်တော့ဘူး ။

ငါ့ မြေးလေးတွေ

အမေ မြင်ချင်လှပြီဆို ။

ဟော …

အကြီးလေးက မသုမာတဲ့

ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့

သိပ်ချစ်စရာကောင်းတယ် အမေ

အငယ်လေးက မငုဝါတဲ့

အစားပုတ်ပုတ် ၊ ဝတုတ်တုတ်ကလေး

နောက်တစ်ယောက်က

သားကြီးမောင်ဖိုးကာ

ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ ။

ငယ်ငယ်လေးကတည်းက

မျောက်ကလေးလိုပဲ

ကြီးလာရင်မျောက်နဲ့တူမလားပဲ ။

သူတို့မောင်နှမတစ်တွေ

ဦးလေးတွေ အဒေါ်တွေနဲ့တွေ့ဖို့

ကျွန်တော်လာချင်ပါရဲ့

ဒါပေမယ့် … အမေ ။

ဟော ……

ကျွန်တော်တို့အားလုံးအတွက်

အရွယ်မရောက်ခင်

ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး

ထန်းပင်ပေါ်က ဇောက်ထိုးကျ

အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား

ကျွန်တော့်အစ်မ

အမေ့သမီး ပိန်တာရိုးလေး

သားသမီးခုနှစ်ယောက်မွေးတော့

ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့

အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား အမေ ။

အမေသည်တော သည်တောင်ထဲ မှာ

အမေသားသမီးတွေနဲ့

အနေဝေး ၊ အသေဝေးခဲ့ကြရသော်လည်း

အမေ တစ်ယောက်တည်းမဟုတ်လား

အမေ့ မြေးတစ်အုပ်နဲ့

ထန်းလျက်ကျို ထင်းခွေ ၊ ရေခပ်

ကျွန်တော် တစ်ပြားတစ်ချပ်မှ

မထောက်ပံ့နိုင်ပေမယ့် ၊ ငတ်မသေခဲ့ဘူး

အမေသေရတာ

ငတ်လို့မဟုတ်ဖူး အမေ ။

မနေ့က

အမေဆုံးကြောင်း ၊ ကြေးနန်းရတော့

ခရီးသွားဖို့ ဇနီးမယားနဲ့တိုင်ပင်

ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့။

ညရောက်တော့လည်း ရင်ထဲမအေး

ပူဆွေးနေဆဲမှာ

ကလေးတွေက တီဗီသွားကြည့်ကြသတဲ့

သြော် .. မင်းတို့ အဖွားသေတဲ့ရက်

မင်းတို့အတွက်

ဘာမှ မခံစားရပါလားနော် ။

ငယ်သေးတဲ့ ကလေးလေးတွေပဲ

ဆိုတာက တစ်ကဏ္ဍပေါ့

မြို့ပြမှာနေတဲ့၊ အမေ့မြေးကလေးတွေ

အမေနဲ့တအားဝေးခဲ့ပါလားဆိုတဲ့

အတွေးတွေက

တကယ့်ကိုပါပဲ

ဘဝ ဆိုတာကိုလည်း

မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ ။

ခံစားရပြီပေါ့

ကျွန်တော်ခံစားရပြီပေါ့ အမေ ။

ကျွန်တော်ဟာ

အဲဘတ်ကမူးမှ မဟုတ်ဘဲ ။

ကျွန်တော်ဟာ

မာဆိုးမှ မဟုတ်ဘဲ ။

အခက်အခဲတွေ ရှိပေမယ့်

ကျွန်တော်ဟာ

ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုထဲက

လူတစ်ယောက် အဖြစ်နဲ့ပဲ

အသက်ရှင်နေဆဲပါ အမေ ။

အမေရေ …..

အမေရေ …… အမေရေ ……

ကြေးစည်ကို ရိုက်နှက်ကြပေါ့

လှည်းဘီးကို သူတို့ တွန်းကြပေါ့

အမေ့ခေါင်းဟာ

လှည်းပေါ်မှာ ယိမ်းထိုးလို့

ရှားစောင်းပြဿာဒ်ပင်ပေါ်က

ဒေါ့ရင်းဆိုတဲ့ အကောင်တွေ

တကျည်ကျည်မြည်လို့

အမေ့မြေးကလေးလေးတွေ

အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ

အမေကကို ခင်မင်တဲ့ သူတွေ

မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ ။

အမေ့ခေါင်းပေါ်

ညောင်ရွက်တွေကြွေကျ

ဒါဟာ သင်္ခါရတရားပေပဲလို့

ဆိုချင်သလား မသိပေဘူး အမေ ။

ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး

အဝေးပြေးလမ်းမကြီးပေါ်

ဖြတ်မောင်းသွားနေရဲ့

ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က

ရွက်ယောင်းခြောက်တွေ

တရှဲရှဲမြည်လို့ ……… ။

ပိုင်စိုးဝေ

၂၁.၃.၈၆

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s