လူပျောက်

Miss you

I never thought that I’m gonna miss you, The friend I cherish and treasure like you. I really never thought that I’m gonna miss you, But here I am now missing you. (written by Chris M..)

လေရူးတစ်အုပ်ရဲ့ အလည်အပတ်လို

အတင်းကာရော ဝင်လာ

ရုပ်ချည်း ပြန်ထွက်ခွာ

ဒီကမ္ဘာမှာက

လားရာမဲ့တဲ့အမှတ်တရတွေ ဖြာဖြာဝေ

ပြီးတော့

ခြေရာပျောက်သွားတဲ့  အိပ်မက်အကြွေ ။

 

ငြိမ်းငြိမ်းပြည့်

ဇန်နဝါရီ ၇ ၊ ၂၀၁၂

နေ့လည် ၁၂း၃၆

Better than it

Come on ,wind !

Blow through me sharply and share me suffering

Take me and throw away from the bleak labelling

Break all risks and clear the cognition

Tear me into tiny pieces by your provocation

Cut off my head and make me ending

It could be better than misunderstanding .

Come on,rain !

Drop on me heavily and give me pains

Shoot me and bury in the pouring drain

Flow in my eyes and send to the ocean of blame

Hit me like a hammer over and over again

Stop my breath and let me pass away to plain

It could be better than shame .

Nyein Nyein Pyae

06:45pm

Jan 2,2012 (Mon)

On the bus ,way to home

It’s windy and rainy evening in Yangon .

 

စိတ်ဓာတ်ကျမှုအား တကိုယ်ရည်တွန်းလှန်ခြင်း


ကျွန်မ ခပ်ငယ်ငယ်က “စိတ်ဓာတ်ကျခြင်း” ဆိုတဲ့စကားလုံးကို ထူးထူးထွေထွေသိပ်မခံစားတတ်ပါဘူး။ ပြီးတော့ ကျွန်မနဲ့လည်း အဲဒီ့စကားလုံးက ရင်းနှီးကျွမ်းဝင်မရှိပါဘူး။ကလေးအရွယ်ခပ်ငယ်ငယ်ကျွန်မ ထင်ခဲ့တာက နိုင်ငံခြားကလူတွေမှာ စိတ်ကျရောဂါ ဖြစ်တတ်တယ်လို့ပေါ့။

တကယ်တမ်းတော့ ကျွန်မတို့ဘဝတွေမှာ နေရာဒေသမရွေး တစ်နည်းနည်းနဲ့ စိတ်ဓာတ်ကျစရာတွေ တွေ့ကြုံ နေရပါတယ်။ ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းကျယ်လာလေလေ ၊ ဆက်ဆံရတဲ့ လူတွေများလေလေ ၊ လုပ်ကိုင်ရတဲ့ နယ်ပယ်ကျယ်လေလေ ၊ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ တွေ့ဆုံလေလေ ၊ ဖိအားတွေများလေလေ ၊ ယှဉ်ပြိုင်မှု တွေများလေလေ ၊ ထိုးနှက်ချက်တွေ ခံရလေလေ ကျွန်မတို့မှာ စိတ်ဓာတ်ကျစရာတွေက  တစ်ခုမဟုတ်တစ်ခု ပေါ်လာတတ်ပါတယ်။ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ ကျွန်မတို့တစ်ဦးချင်းစီရဲ့ စိတ်ကျန်းမာရေးအခြေအနေ အပေါ်အများကြီးသက်ရောက်မှုရှိနေပါတယ်။

စိတ်ဓာတ်ကျမှုကို ရှုံးနိမ့်နေချိန်မှသာ ခံစားရတာမဟုတ်ပါဘူး။အောင်မြင်နေချိန်တွေမှာလည်း စိတ်ဓာတ်ကျမှုကို တပြိုင်နက်ခံစားရတတ်တယ်လို့ ကျွန်မပြောရင် ငြင်းမယ့်သူတွေရှိကောင်းရှိမှာပါ။ကျွန်မအနေနဲ့တော့ အဲဒါက မမှားပါဘူး။ ကိုယ့်ရဲ့အောင်မြင်မှုအပေါ် ၊ လမ်းမှန်ထဲအဆင်ပြေပြေရောက်ရှိမှုအပေါ် တချို့သောအရာတွေက ရစရာမရှိအောင် ထိုးနှက်တတ်ကြပါတယ်။ အဲဒီ့အခါ ကျွန်မတို့တွေဟာ စိတ်ပျက်ခြင်း၊ဒေါသထွက်ခြင်းကနေ ဝမ်းနည်းခြင်းတွေ ၊ ပူလောင်ခြင်းတွေ ခံစားရတတ်တယ်။အဲဒီ့ကမှတစ်ဆင့်အတွင်းစိတ်ထဲမှာ စိတ်ဓာတ်ကျမှုက လူမသိသူမသိ တွဲလဲခိုသွား တတ်ပါတယ်။

စိတ်ဓာတ်ကျခြင်းဟာ ကျွန်မတို့ဘဝကို အဖက်ဆယ်မရအောင်အထိ ဗုန်းဗုန်းလဲကျသွားစေနိုင်တဲ့ ဆိုးရွားတဲ့ ကိုယ်ပျောက်လက်နက်တစ်မျိုးပါ။သူဟာ ကျွန်မတို့ရဲ့ ဘဝအောင်မြင်ရေးမှာ အန္တရာယ်အကြီးဆုံးပါပဲ။ ကျွန်မ သိသလောက် သူမဝင်လာနိုင်အောင် သောက်ရ၊လိမ်းရ၊ထိုးရတဲ့ ကာကွယ်ဆေးတွေ မပေါ်သေးပါဘူး။ ကျွန်မတို့ရဲ့ အရင်းခံ ကိုယ်ပိုင်စိတ်အခြေအနေ ကသာ တစ်ခုတည်းသော ခံစစ်ပါပဲ။တစ်ချောင်ချောင်ကနေ သူဝင်လာတဲ့အခါ ကျွန်မတို့ရဲ့ ခံစစ်အင်အား အလိုက် သူက နယ်ချဲ့ပါလိမ့်မယ်။

ကျွန်မ တကိုယ်စာ မွေးမြူပျိုးထောင်ထားတဲ့ ကုထုံးလေးတွေရှိပါတယ်။တစ်ချို့တွေအတွက်တော့ မထူးဆန်းပဲ နေမှာပါ။ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ စိတ်ဓာတ်ကျမှုတွေ အကြိမ်ကြိမ်ခံစားဖူးရာကနေ ရလာတဲ့ ကုထုံးတွေမို့လို့ မျှဝေလိုက်ပါတယ်။

တကိုယ်ရည် ကုထုံးများ (၁)

“အခက်အခဲတွေမှာ ပျော်မွေ့ခြင်း” ဟာ ကျွန်မရဲ့ တကိုယ်ရည်ကုထုံးထဲမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်မဟာ အခက်အခဲတွေကို တွေ့တိုင်း ကြိတ်ပြုံးမိပါတယ်။ ကျွန်မဖတ်ဖူးတဲ့စာတွေအရ နယ်ပယ်အသီးသီးမှာ ထိပ်တန်းရောက်နေတဲ့ လူတွေရဲ့ဖြစ်စဉ်တွေမှာ အခက်အခဲတွေ ၊ ရှုံးနိမ့်မှုတွေ၊ဒုက္ခတွေ၊ အကျပ်အတည်းတွေ  ထူလပျစ်တောင်ပုံရာပုံ ရှိကိုရှိခဲ့ဖူးပါတယ်။ဒီလိုဆိုလို့ ကျွန်မဟာ ကိုယ့်ကိုယ်ကိုထိပ်တန်း   ရောက်မယ့်သူလို့ထင်ပြီး အခြောက်တိုက်ဘဝင်မြင့်နေတာ မဟုတ်ပါဘူး။ကျွန်မတို့အားလုံးဟာ သူ့နယ်ပယ်နဲ့သူ ၊ သူ့ဘဝနဲ့သူတော့ အောက်တန်းနောက်တန်းကျချင်တဲ့သူ တစ်ယောက်မှ မရှိ ပါဘူး။ ထိပ်တန်းရောက်ချင်တဲ့သူက အများသားပါ။ ဒါပေမယ့် အားလုံးဟာ ထိပ်တန်းမရောက်ကြပါဘူး ။ ဒါဟာ ဘာကြောင့်လဲဆိုရင် အခက်အခဲတွေကို လက်ခံကျော်ဖြတ်ပုံခြင်း မတူလို့ပဲြ့ဖစ်ပါလိမ့်မယ်။

ကျွန်မတို့ ဘဝမှာ အခက်အခဲတွေကို မဖြစ်မနေ ကြုံတွေ့ရပါမယ်။စိန်ခေါ်မှုတွေ၊ထိုးနှက်ချက်တွေကို ရင်ဆိုင်ကြရပါမယ်။ကျွန်မတို့ဟာ ဒီအရာတွေကို ကျိန်းသေပေါက် ခံနိုင်ရည်ရှိရပါမယ်။ကျွန်မတို့ရဲ့ နယ်ပယ်ကျယ်လာလေ အခက်အခဲတွေ၊အတားအဆီးတွေ၊စိန်ခေါ်မှုတွေ ထိုးနှက်ချက်တွေက ပိုပြင်းထန်လာလေပါပဲ ။ကျွန်မတို့ဟာ စိန်ခေါ်မှုကြီးကြီးကို ရင်ဆိုင်ရတဲ့အခါ ဒဏ်ရာကြီးကြီးရှုံးနိမ့်မှုကြီးကြီးကို ရနိုင်သလို အောင်မြင်မှုကြီးကြီးကိုလည်း ရနိုင်ပါတယ်။အဲဒီ့စိန်ခေါ်မှုဆိုတဲ့ ဆူးခင်းခရောင်းလမ်းကို ခံနိုင်ရည်ရှိရှိ ဆင်ခြင်ဥာဏ်ရှိရှိ ကျော်လွှားနိုင်ပြီးပြီ ဆိုရင်တော့ ကျွန်မတို့ဟာ တန်ဖိုးကြီးကြီးသင်ခန်းစာတစ်ခုကို ဧကန်မုချ ပိုင်ဆိုင်ရပါပြီ။အဲဒီ့သင်ခန်းစာက နောက်တစ်ဆင့်မြင့်သွားပြီဖြစ်တဲ့

ရှေ့လာမယ့်စိန်ခေါ်မှုတွေကို တောင့်ခံဖို့ အားတစ်ခုလည်းဖြစ်လာပါတယ်။ အခက်အခဲတွေကို ရင်မဆိုင်ဘဲ ရှောင်ပြေးသူအနေနဲ့ အပြည့်အဝပျော်ရွှင်မှုနဲ့ အနှစ် သာရရှိတဲ့အောင်မြင်မှုကို ဘယ်တော့မှ မရနိုင်ဘူးလို့ ကျွန်မထင်တယ်။ကျွန်မတို့ဘဝမှာ ဘယ်လောက်ထိ အဓိပ္ပါယ်ရှိခဲ့သလဲဆိုတာကို ကျွန်မတို့ အခက်အခဲဘယ်လောက်များများကိုဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပုံဖော်ကြည့်ရပါမယ်။

ထင်သာမြင်သာ ပြောရရင် ဘဝဟာ ဂိမ်းကစားပွဲနဲ့ အလားသဏ္ဍာန်တူပါတယ်။ကျွန်မတို့ဟာ လယ်ဗယ်တစ်ခုပြီး တစ်ခုတက်ဖို့ အဆက်မပြတ် ရင်ဆိုင်နေရတယ်။လယ်ဗယ်ပိုမြင့်လာလေ  ပိုခက်လာလေပေါ့။အခက်အခဲသစ်တစ်မျိုးကို အောင်မြင်ပြီးမှသာ ကျွန်မတို့ဟာ ပိုမြင့်တဲ့ လယ်ဗယ်တစ်ခုကို ရောက်နိုင်ပါတယ်။ဒါကြောင့် အခက်အခဲဆိုတာ ကျွန်မတို့ကို လက်ရှိထက်မြင့်တဲ့ အနေအထားတစ်ခုဆီ ပို့ပေးဖို့ စမ်းသပ်မှုပဲလို့ ကျွန်မခံယူထားပါတယ်။

ကျွန်မအနေနဲ့ အခုဆိုရင် အခက်အခဲတွေကို တွေ့တဲ့အခါ မကြောက်တော့ပါဘူး၊စိတ်မပျက်တော့ပါဘူး။ ဒီအခက်အခဲတွေဟာ ကျွန်မတို့ကို တန်ဖိုးမြှင့်ပေးမယ့် ကျောက်မျက်ရတနာတွေ ၊ အရောင်အသွေးချယ်ပေး မယ့် ဆေးရောင်စုံတွေ ၊ ခံနိုင်ရည်စမ်းသပ်တဲ့ ဖိအားတွေ … လို့ပဲ ပြောင်းလဲမြင်လိုက်ပါတယ်။ပိုတိုးတက်လေ စိန်ခေါ်မှုတွေကို ပိုတွေ့ရလေဖြစ်မှာပဲ မဟုတ်ပါလား။

*                                     *

ဒါဖြင့် ကျွန်မတို့တွေ မမှားကြတော့ဘူးလား ။ အမှားကြောင့် ဒုက္ခမရောက်ကြဘူးလား ။ ဟုတ်ကဲ့.. ကျိန်းသေပေါက် မှားဖူးကြပါတယ်။ တခါတစ်လေမှာ အကောင်းဆုံးကြိုးစားနေတဲ့ကြားက ကျွန်မတို့တွေ ဆုံးရှုံးသွားတတ်ကြပါတယ်။ဒါပေမယ့် ဒါဟာ စိတ်ပျက်လက်လျှော့စရာမဟုတ်ပါဘူး။ကျွန်မတို့ ကြိုးစားကြည့် ခဲ့ကြတယ်ဆိုတဲ့ အတွေ့အကြုံက အမြတ်ပါ။ကျွန်မတို့ လုံးဝရှုံးတာမဟုတ်ပါဘူး။အချည်းနှီး သက်သက် ဘာမှမလုပ်ကြည့်၊ ဘာမှမကြိုးစားကြည့်၊ ဘာမှ မရှုံးဖူးတာထက်စာရင် ကြိုးစားကြည့်ရက်နဲ့ ရှုံးဖူးတာက မြတ်ပါတယ်။

ကျွန်မတို့ဟာ ဆုံးရှုံးမှုတစ်ခုကို ကြုံနေရပြီဆိုရင်တောင် ဒါကို တစ်ဘဝစာအတွက် အရှုံးအဖြစ် သတ်မှတ်ဖို့မလိုပါဘူး။ကျွန်မတို့ဟာ

ဘယ်တော့..ဘယ်တော့..ဘယ်တော့မှ အရှုံးပေးစရာ မလိုပါဘူး။ ကျွန်မကြားဖူးတဲ့ ဂျပန်စကားပုံတစ်ခုရှိပါတယ်။”ခုနှစ်ကြိမ်လဲရင် ၊ရှစ်ကြိမ်ပြန်ထမယ်”တဲ့ ။ပြီးတော့ ရှိသေးတယ်။ “လဲကျမှာကို မစိုးရိမ်ဘူး၊ပြန်မထနိုင်မှာကိုပဲ စိုးတယ်” တဲ့။ဟုတ်ပါတယ်။ ကျွန်မတို့ဟာ ရှုံးဖူးတဲ့ အရှုံးထဲမှာပဲ နစ်မြုပ်နေမယ်ဆိုရင်တော့ တစ်သက်လုံးနာလန်ထူတော့မှာ မဟုတ်ပါဘူး။အခက်အခဲတွေကို ကျော်ဖြတ်ချိန်မှာ ဆုံးရှုံးသွားလို့ ၊ မှားသွားလို့ အဲဒီ့နေရာမှာတင် ရပ်တန့်အရှုံးပေးလိုက်မယ်ဆိုရင်တော့ နာမည်ဆိုးနဲ့ပဲ သက်ဆိုးရှည်ရမှာပေါ့။ ကျွန်မတို့ဟာ လဲကျရင် ၊ မှားယွင်းရင် ကျိန်းသေပေါက် ပြန်ထူမတ်အမှန်ပြင်ရပါမယ်။အမှားကြောင့်ရလာတဲ့ ဒုက္ခကို ချေမှုန်းပစ်ဖို့ ဆုံးခန်းတိုင်အောင် ကျွန်မတို့ ပြန်ထပြီးလျှောက်ရပါမယ်။

ဘဝမှာ တစ်ခါတစ်လေ ၊ ကြိမ်ဖန်များစွာ အရှုံးကိုကြုံကြရတတ်တယ်။အမှားကိုကြုံကြရတတ်တယ်။ အဲဒီ့အခါ ဘာမှဆက်မလုပ်ချင် ဖြစ်တတ်တယ်။အကောင်းဆုံးနဲ့တစ်ခုတည်းသော နည်းလမ်းကတော့ သတ္တိရှိရှိ ရင်ဆိုင် လိုက်ပါ။အဲဒီ့အဖြစ်ကိုသင်ခန်းစာယူလိုက်ပါ။ အမှားကိုပြင်ပြီး ပိုအရှိန်ပြင်းတဲ့အဟုန်နဲ့ လူတကာမထင်မှတ်ထား လောက်အောင် ကြံ့ကြံ့ခံနိုင်စွမ်းကို ပြလိုက်ပါ။ မကြာခင်မှာ ပျော်ရွှင်မှုကို ပိုင်ဆိုင်ရပါလိမ့်မယ်။

အခက်အခဲတွေမှာ ပျော်မွေ့လာပြီဆိုရင် စိတ်ဓာတ်ကျမှုကို အလိုလို မေ့လျော့လာပါလိမ့်မယ်။

*                                            *

 

တကိုယ်ရည် ကုထုံးများ (၂)

ကျွန်မအနေနဲ့ အခုနောက်ပိုင်း ကျင့်သုံးလာတဲ့နည်းက စိတ်ကို အလယ်လမ်းကြောင်းမှာသာ တဖြောင့်တည်း ထားနိုင်အောင်ကြိုးစားတာပါ။ဥပမာအနေနဲ့—- ချီးမွမ်းခံရတဲ့အခါ “ငါတယ်ဟုတ်ပါလား၊ငါကွ” ဆိုတဲ့ အပေါ်မြောက်စိတ်နဲ့ ကဲ့ရဲ့ပြစ်တင်ခံရတဲ့အခါ “ဆိုးရွားလှပါလားနော်၊စိတ်ညစ်လိုက်တာ၊သေချင်တာပဲ” ဆိုတဲ့ အောက်ကျစိတ် ၊ အစွန်းနှစ်ဖက်စိတ်ဓာတ်နှစ်မျိုးစလုံးကို မခံစားမိအောင် ကျင့်ကြံပါတယ်။ဒါကြောင့် ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းတွေမှာ မသာယာမိတော့တဲ့အခါ အဲဒီ့အရာနှစ်ခုအပြောင်းအလဲကြောင့် အထိနာစရာလည်း မရှိတော့ဘူးလို့ ကျွန်မထင်ပါတယ်။ ။အဓိက အရေးကြီးဆုံးအရာက အစွန်းနှစ်ဖက် ဘယ်ဘက်ကပဲ ရိုက်ခတ်နေနေ ကျွန်မတို့ဟာ ကိုယ်လျှောက်ရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မနားမနေ ဆက်လျှောက်နေဖို့လေ။

ပတ်ဝန်းကျင်ရဲ့စကားကြောင့် စိတ်ဒဏ်ရာမရဘူးဆိုရင် ကျွန်မတို့အနေနဲ့ စိတ်ဓာတ်ကျဖို့လမ်းစဝေးရာဝေးကြောင်းမှာ

နေနေရသလိုပါပဲ။ စိတ်လှုပ်ရှားမှုနည်းတာဟာ စိတ်ဓာတ်ကျမှုကို တောင့်ခံထားနိုင်တဲ့ အားကောင်းတဲ့ တံတိုင်းပါ။

*                                           *

တကိုယ်ရည် ကုထုံးများ (၃)

ဒီနေရာမှာ အရေးတကြီးပြောချင်တာက “အကောင်းမြင်စိတ်မွေးပါ” ဆိုတာပါပဲ။အကောင်းမြင်စိတ်မမွေးကြတဲ့ လူတော်တော်များများကို တွေ့ဖူးပါတယ်။များသောအားဖြင့် သူတို့ရဲ့လက်သုံးစကားက “မြင်တာပြောတာ၊မှန်တာပြောတာ” ဆိုတာပါပဲ။ကျွန်မအမြင်မှာတော့ သူတို့ဟာ ဘာမဟုတ်တာလေးတစ်ခု ကနေ ကြီးကျယ်ခမ်းနားတဲ့အရာတွေအထိ အပြစ်ဆိုစကားကို အရင်ဆုံးလွယ်လွယ်ကူကူ လွှတ်ခနဲ ပြောတတ်ကြပါတယ်။အဖြစ်အပျက်တစ်ခုကို ရှုမြင်တဲ့အခါ အဆိုးမြင်ဘက်တစ်ခုတည်းကသာ သုံးသပ်ကြပါတယ်။သူတို့မှာ အဖြူမရှိဘူး ၊ မီးခိုးမရှိဘူး ၊ အမည်းတစ်ခုတည်းသာ ရှိပါတယ်။

ကျွန်မအထင် အဲဒီ့လူတွေဟာ လွယ်လွယ်ကူကူလည်းပဲ ရယ်မောတတ်ကြတဲ့တိုင်အောင် တကယ့်ပျော်ရွှင်မှုကို မခံစားကြရရှာပါဘူး။အဆိုးမြင်စိတ်သိပ်များတဲ့သူတွေမှာ စိတ်ကျရောဂါခံစားရရင် ဖြေသိမ့်ဖို့ ခက်ပါလိမ့်မယ်။ သူဟာ သူတစ်ပါးနဲ့ အခြားသောအရာတွေရဲ့ အပြစ်တွေကိုပဲ မြင်ပြီး စိတ်တိုင်းမကျ ၊ အလိုမကျစိတ်နဲ့ ပူလောင်နေတတ်တယ်။ဒါကြောင့် အဖြစ်မှန် ၊ အဖြေမှန်ကို ရှာတွေ့ဖို့ ခက်သွားပါတယ်။

အခြားတစ်ဖက်ကနေ တွေးကြည့်ကြပါစို့ ။ အဆိုးမြင်သမား A ဟာ တစ်ခြားတစ်ယောက်ဖြစ်တဲ့ B နဲ့ ယှဉ်ပြိုင်မှုတစ်ခုလုပ်ပြီဆိုပါတော့။ A ဟာ ကိုယ့်အလုပ်ကို အာရုံစိုက်မယ့်အစား B ရဲ့ ပြစ်ချက်တွေကိုသာ မြင်ပြီး B ကို အပြစ်မရှိအပြစ်ရှာ ထိုးနှက်တိုက်ခိုက်ပါလိမ့်မယ်။အဲဒီ့လို သူပြောလို့ B ရဲ့ အပြစ်တွေပေါ်လာတဲ့ အခါ ပတ်ဝန်းကျင်အမြင်မှာ B ဟာရှုံးနိမ့်သွားလိမ့်မယ်လို့ A က ထင်ထားတတ်ပါတယ်။ ဒီနေရာမှာ B က မလိမ္မာသူ တစ်ယောက်သာဖြစ်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် အမုန်းတွေပွားပြီး အကျိုးမဲ့ရမယ့် အဖြစ်ပါ။ တကယ်လို့များ B ကသာ လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် B ကိုယ်တိုင်သတိမထားမိတဲ့ ပြစ်ချက် ၊ အားနည်းချက်တွေကို A ရဲ့ ကဲ့ရဲ့ချက်တွေကနေ သိလာပါမယ်။ Aရဲ့အမြင်တွေကနေ B ဟာကောက်ယူပြီး သူ့ကိုယ်သူ ပြင်ရင်းပြင်ရင်း နောက်ဆုံးမှာ B ဟာ ပြီးပြည့်စုံမှုဆီ ရောက်ရှိသွားပါလိမ့်မယ်။ A ကတော့ သူများအပြစ်ကိုသာပြောနေရင်း၊အဆိုးမြင်နေရင်း သူ့ကိုယ်သူ ပျောက်ဆုံးလို့ ..ပြန်ကြည့်ဖို့ မေ့နေတတ်ပါတယ်။ ဒါကြောင့် အဆိုးမြင်တတ်သူတွေဟာ နောက်ဆုံးမှာ ရန်သူကို အကြံကောင်းတွေပေးသလို ဖြစ်ပြီး သူ့ဘက်သူတော့ ခံစစ်မရှိတဲ့ တပ်ပျက်ကြီးဖြစ်သွားတတ်ပါတယ်။

ကျွန်မပြောချင်တာက အကောင်းမြင်စိတ်မွေးပါ။အကောင်းမြင်စိတ်ရှိတာဟာ စိတ်ဓာတ်ကျမှုကနေ ကျွန်မတို့ကို ကျွန်မတို့ ကာကွယ်နိုင်ပါတယ်။အရေးကြီးတာက သူများကိုအဆိုးမြင်ဖို့ထက် ကိုယ့်ကိုယ်ကိုသာ ဘာတွေအားနည်းနေသလဲ ပြစ်ချက်ရှာပြီး ပြုပြင်ရမှာပါ။

 

*                                          *

ဆက်ရန်…..

 

ငြိမ်းငြိမ်းပြည့်

  1. နိုဝင်ဘာ ၂၂ ၊ ၂၀၁၁

အင်္ဂါနေ့ည ၁၁ နာရီ

ချစ်သောမေမေ (၁)

သေးငယ်သောအတွေးကလေးများသည် ကျွန်မအခန်းပြတင်းပေါက်၏ ဟိုမှာဘက်မှနေ၍ တံခါးခေါက်သံပြုကာ ရစ်သီရစ်သီနေကြကုန်၏ ။လွတ်လပ်စွာမွေးဖွားရှင်သန်လေ့ရှိသော သူတို့အား နေခြည်နွေးနွေး မနက်ခင်းတွင် နေရာချပြီး ကိုယ်စိတ်နှလုံး သန့်ရှင်း စင်ကြယ်ခြင်းဖြင့်  နှုတ်ခွန်းဆက်သလိုက်သည်။ ကမ္ဘာ့လောက၏ မီးအိမ်ရှင်သည် အရှေ့ဘက်တောင်တန်းများပေါ်မှ ခေါင်းပြူထွက်ကာ ချောင်းမြောင်းကြည့်ရှုနေလေပြီ ။

နံနက်ခင်း၏ ကျေးငှက်များက အဝါရောင်ဂျုံခင်းများရှိရာဒေသသို့   အလည်လိုက်ရန် တောင်းဆိုလာသည် ။ကောက်ရိုးဦးထုတ်ဆောင်းထားသည့် ပိန်ပိန်ဖျော့ဖျော့ ကလေးမလေးက အဝါရောင် တောပန်းလေးတစ်ပွင့်ကို နားရွက်နောက်မှာ ကပိုကရို ပန်ဆင်ရင်း  တေးဆိုနေ၏ ။ မျက်လုံးကြည်ကြည်လေးတွေနှင့် ထိုကလေးမလေးက သူ့လက်ထဲဆုပ်၍ ကိုင်ထားသော တောပန်းရောင်စုံလေးများကို မြှောက်ပြရင်း အော်ပြောနေသည်။

သမီး မေမေအတွက် ပန်းကလေးတွေ ဖဲကြိုးစည်းပြီး လက်ဆောင်ပေးမလို့   လေ ၊ မေမေသာ သမီးရဲ့ လက်ဆောင်ကိုမြင်ရင် သိပ်ပျော်မှာပဲနော်

ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုတွေဟာ အမေတစ်ယောက်ရဲ့ ရင်ငွေ့ကြောင့် ပြီးပြည့်စုံနေခဲ့ပါတယ်။

ကျွန်မသည် ထိုကလေးမလေး၏ စကားအဆုံးတွင်  မှင်သက်သွားမိ၏ ။ ခပ်သွက်သွက်ထွက်လာသော မြက်ဖိနပ်တစ်စုံ၏ ခြေသံသည်လည်း ပြတင်းမှန်အနီးသို့ အရောက်တွင် နွေးထွေးလုံခြုံသွားသယောင်ပဲ့တင်ထပ်လာပါတော့သည် ။

*            *            *

သမီးကို မွေးတဲ့ မနက်တုန်းက မိုးကြိုးတွေပစ် ၊ မိုးတွေချုန်း နဲ့   လေ ။ ဆေးရုံမှာ တခြားကလေးတွေက ငိုလိုက်တာ ဆူညံနေတာပဲ ။ လူကြီးတွေကသမီး လန့်  မလားဆိုပြီး စိတ်ပူနေတာ ၊ သမီးကတော့ တုတ်တုတ်တောင်မလှုပ်ဘူး ၊ ခပ်တည်တည်ပဲ ။ ဆရာဝန်တွေ ၊ နာ့စ်မလေးတွေ ကတောင် သမီးလေးတော်တော် သတ္တိကောင်းတယ် ဆိုပြီး ပြောနေကြသေးတယ်။

မေမေက ကျွန်မလူ့လောကကြီးထဲ စတင်ရောက်ရှိလာသော အချိန်အကြောင်းကို စကားစပ်၍ပြောမိကြတိုင်း မွေးခါစကလေးလေးအရွယ်ထဲက ကျွန်မ၏သတ္တိကောင်းပုံကို သဘောတကျ ပြန်ပြန်ပြောတတ်မြဲပင်။ မေမေ့ အသက် ၄၅ နှစ်အရွယ်ရောက်မှ နောက်ဆုံးပိတ်အဖြစ် ကျွန်မကို ခဲရာခဲဆစ်မွေးခဲ့ခြင်းဖြစ်ပါသည် ။ သားချည်းငါးယောက်မွေးထားသော မေမေနှင့် ဖေဖေသည် သမီးလေးအဖြစ်ကျွန်မကို စတင်ပိုင်ဆိုင်ခွင့်ရသော ထိုမနက်ခင်းက မည်မျှလောက် ပျော်ရွှင်ကြမည်ကို တွေးကြည့်မိတိုင်း ကျွန်မကိုကျွန်မ ဂုဏ်ယူသလို ဖြစ်မိတတ်ပါ၏ ။

ကျွန်မဘ၀တစ်လျှောက်လုံးတွင် လိုအပ်သမျှအား အပြည့်အစုံမဟုတ်သည့်တိုင် သူတို့   တတ်နိုင်သလောက်တော့ ဖြည့်စွမ်းပေးရန် မေမေနှင့်ဖေဖေသည် ကြိုးစားပေးခဲ့ကြရှာပါသည်။ ချမ်းချမ်းသာသာ ကုံလုံကြွယ်ဝစွာ မထားနိုင်ခဲ့သော်လည်း ဆင်ခြင်တုံတရား ၊ အသိဥာဏ် ၊ အမှားအမှန် ၊ ဗဟုသုတ ၊  ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ချတတ်ရန်တော့ အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့ ကြပါသည်။

” ကလေးတွေ မွေးသမျှထဲမှာ ထိုက်ထိုက်နဲ့    ငြိမ်းငြိမ်းက အခက်ဆုံးပဲ ၊ ဗိုက်နာတာလည်း ၃ ၊ ၄ ရက် ၊ မွေးရတော့လည်း တကယ်အပင်ပန်းဆုံးပဲ ၊ ဒါပေမယ့် အဲဒီ့လို ပင်ပန်းခဲ့လို့   ပဲလား မသိဘူး ၊ အခက်ဆုံးနှစ်ယောက်က အိမ်အမြဲဆုံး နဲ့    မိဘနဲ့  အနီးဆုံးဖြစ်နေတယ်။”

လို့  မေမေက သူ၏ အဝေးရောက် သားသမီးတွေကို သတိရတိုင်း ပြောတတ်သည်။ ကျွန်မ၏ အစ်ကို ၅ယောက်တွင် ..အကြီးဆုံးအစ်ကိုသည် ကျွန်မ တစ်နှစ်သမီးအရွယ်မှာပင် ရှမ်းပြည်နယ်မှာတာဝန်ထမ်းဆောင်ရင်း ကျရှုံးသွားခဲ့ပြီဖြစ်သည် ။ ဒုတိယအစ်ကိုသည် ကျွန်မ ၆တန်းနှစ်မှာ နှလုံးရောဂါဖြင့်  ကျွန်မတို့ကို ကျောခိုင်းသွားခဲ့သည် ။ တတိယအစ်ကိုသည် အခုအခါ အိမ်ထောင်ကျနေပြီး ကျွန်မတို့   အိမ်နှင့်မနီးမဝေးတွင် နေထိုင်၍ မကြာခဏလာလည်လေ့ရှိသည့်  မေမေ့သား ထိုက်ထိုက် ဖြစ်ပါသည် ။ စတုတ္ထအစ်ကိုသည် နယ်မြို့တစ်မြို့တွင် တာဝန်ထမ်းဆောင်နေပါသည်။ ပဉ္စမအစ်ကိုသည် ရန်ကုန်ရှိကုမ္ပဏီတစ်ခုမှာပင်လုပ်ကိုင်နေပြီး အိမ်နှင့်အလုပ်ဝေးသည်ဆိုကာ သူ့ကုမ္ပဏီမှာပင် နေကာ အားလပ်ရက်များမှ အိမ်ပြန်လာတတ်ပါသည်။ မေမေ ၊ ဖေဖေ တို့  နှင့် အနီးဆုံးသားသမီးအဖြစ် ရှိနေသည်ကတော့ အခက်ခဲဆုံးမွေးဖွားခဲ့ရသည့် ကျွန်မပဲဖြစ်ပါ၏ ။

မေမေနှင့် ကျွန်မသည် အသက် ၄၅ နှစ်ခန့်  ကွာသည့် အတွက် မသိသူတွေ ၊ အခုမှ စတွေ့  သူတွေက မြေးအဘွားဟု ထင်တတ်ကြသည် ။ မေမေ၏ ငယ်သူငယ်ချင်းတွေကတော့  ကျွန်မကိုမြင်သည်နှင့်  မေမေ့သမီးမှန်း တန်းခနဲ သိကြသည် ။ မေမေ့ ဇာတိနယ်မြို့လေးသို့   သွားလျင် ကျွန်မကို မေမေ့သမီး (ဒါမှမဟုတ်) မေမေ့မြေးပဲဟု မြင်ရုံနှင့်သိကြသည်ဆို၏ ။ မကြာသေးခင်ကပင် မေမေနှင့် ကျွန်မ ဈေးအတူသွားကြရာ စတိုင်းဆိုင်တစ်ခုတွင် ပစ္စည်းရွေးနေစဉ် အရောင်းစာရေးမလေးတွေက မေမေ့ကိုတလှည့် ၊ ကျွန်မကိုတလှည့် တအံ့တသြပုံစံဖြင့် ကြည့်နေကြရင်း…တစ်ယောက်က —

“ဟယ် …မြေးအဘွားပေမယ့် တူလိုက်တာနော်”

ဟုအသံကလေးပင်ထွက်၍ ပြောသည်ကို ကျွန်မတို့  ကြားလိုက်ရသည်။

*         *          *

ကျွန်မ မေမေသည် အရပ် ၄ ပေ ၁၁ လက်မသာရှိသော်လည်းနှစ်လိုဖွယ်ကောင်းပါသည်။

မေမေ့မျက်နှာသည် အစဉ်သဖြင့် အေးချမ်းနေလေ့ရှိသည်။ မေမေ့ကို သိသောသူများက မေမေ့ကို ချစ်ခင်သွားတတ်တာကို တွေ့ရသည်။ မေမေသည် သနားကြင်နာတတ်သော မိန်းမသားတစ်ဦးဖြစ်ပြီး စကားကိုတိုးတိုးညင်သာ  ပြောတတ်ပါသည် ။ မေမေ အော်ဟစ်သောင်းကြမ်းခြင်း ၊ ကြမ်းတမ်းစွာပြုမူခြင်းကိုဘယ်တုန်းကမှ မတွေ့မမြင်ခဲ့ဘူးပါ ။ မေမေသည် ဖေဖေ့အပေါ် အလွန်သစ္စာရှိသည့် အပြင် သားသမီးများအပေါ်တွင်လည်း မိခင်ကောင်းပီသသောမြန်မာအမျိုးကောင်းတစ်ဦးလည်း ဖြစ်ပါသည်။

မေမေသည် အိပ်ရာစောစောထတက်ပါသည် ။ ကျွန်မ ကျောင်းသူဘဝတုန်းက ကျောင်းသွားဖို့  အဆင်သင့်ဖြစ်စေရန် ပြင်ပေးခဲ့သလို အခုအလုပ်လုပ်ချိန်တွင်လည်း မေမေသည် ကျွန်မအတွက် အစစအရာရာ ဆောင်ရွက်ပေးနေဆဲဖြစ်ပါသည် ။ မေမေသည် အိမ်အလုပ်ကို တစ်ခုမဟုတ် တစ်ခု တကုပ်ကုပ်နှင့်လုပ်နေတတ်ပါသည်။ ပျင်းရိခြင်း ဆိုသည်မှာ မေမေနှင့် မသတ်ဆိုင်သော စကားလုံးသာဖြစ်ပါသည် ။ အခုအချိန်ထိ ကျွန်မအဝတ်အစားများကို မေမေလျော်ဖွတ်ပေးနေဆဲ ဖြစ်သည်။ “မလျော်ပါနဲ့   မေမေရယ်” ဟု တားသော်လည်း “သမီး လျော်တာ မပြောင်ဘူး၊ကြည့်ရတာ စိတ်တိုင်းမကျလို့    ၊ မေကြီး လျော်ပေးရတာပဲ  ကောင်းပါတယ်” ဟု အကြောင်းပြတတ်မြဲပင် ။

*             *                 *

ခြွင်းချက်တစ်ခုတော့ ရှိပါသည် ။ လူတိုင်းအပြစ်နှင့်မကင်းဆိုသည့်အတိုင်း မေမေ့တွင်လည်း အားနည်းချက်ရှိပါသည် ။ မေမေ့အားနည်းချက်က “စကားအလွန်ပြောခြင်း” ဖြစ်ပါသည် ။ မေမေသည် တိုးတိုးလေးနှင့် စကားအများကြီးပြောနေတတ်ပါသည် ။ ကျွန်မတို့ နှင့် ဖေဖေက တစ်ခါတစ်ရံ မေမေ့အား ကျီစယ်လို၍ “မေကြီးကလည်း စကားအရမ်းများလိုက်တာနော် ” ဟုပြောလျင် မေမေက ” အေးလေ ၊ ဒါဆိုလည်း မပြောတော့ဘူး ” ဟု ပြောသည့်အခါပြောသလို “အေးနော် ၊ နောက်ကျမှ မပြောနိုင်တော့တဲ့ အချိန်မှမေကြီးစကားကြားချင်လိုက်တာမလုပ်နဲ့ ” ဟု ပြောသည့်အခါလည်း ပြောတတ်ပါသည် ။

မေမေပုံပြင်ပြောသည့် အချိန်သည် ကျွန်မအပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ ပုံပြင်နားထောင်ခြင်းဖြင့် ကျွန်မ၏ငယ်ဘဝ ညတာတွေကို ကုန်လွန်စေခဲ့ဖူးပါသည်။ ပုံပြင်အမြောက်အမြားကို မေမေ့ထံမှ ကြားခဲ့ရသည်မှာ အတော်အတန်ပင်နားရည်ဝခဲ့သည်ဖြစ်၍ ယခုအရွယ်တွင်ဖတ်ရ ၊ ကြားရသော ၊ လာလာသမျှသော ပုံပြင်များထဲမှ ရာခိုင်နှုန်းတော်တော်များများကို ကျွန်မအနေနှင့် သိဖူးပြီးသားလိုပင် ဖြစ်နေတတ်၏ ။ မေမေနှင့် ဖေဖေ ပျိုးထောင်ပေးခဲ့သော ဥယျာဉ်တွင် ကျွန်မတို့ ရှင်သန်ခွင့်ရခဲ့သည်ကို တွေးမိတိုင်းအလွန်ဂုဏ်ယူမိပါသည်။

ဖေဖေသည် ကျွန်မစာကောင်းကောင်းမဖတ်တတ်သေးသော ၃ ၊ ၄ နှစ် အရွယ်ထဲကပင် စာဖတ်တတ်သည့်အကျင့်ကို ပျိုးထောင်ပေးခဲ့ပါသည်။ တေဇ ၊ ရွှေသွေး ၊ မိုးသောက်ပန်း ၊ မဂံလာမောင်မယ် ၊ မြတ်မဂံလာ စာစောင်တွေကို ဖေဖေက ရုံးကပြန်လာတိုင်း အပတ်စဉ်ထွက်သမျှ ဝယ်လာတတ်သည် ။ မေမေက ကျွန်မတို့ကို နေ့စဉ် အိမ်အလုပ်များပြီးချိန်တိုင်း စာဖတ်ပြလေ့ရှိခဲ့သည်။ ထိုကဲ့သို့သော အလေ့အကျင့်ကြောင့်ပင်ဖြစ်မည်ထင်သည်။ ကျွန်မတို့  မောင်နှမအားလုံး စာဖတ်ဝါသနာ ပါကြသည်။အခုအချိန်ထိ မိသားစုဝင်တိုင်းသည် အားလပ်သည်နှင့် စာတစ်အုပ်ကောက်ကိုက်ဖတ်နေတတ်ကြသည်။ တစ်ခါတစ်လေ အားလပ်ရက်များတွင်…အဝေးရောက်သူများပါ အိမ်ပြန်လာ၍ အိမ်တွင် မိသားစုဝင်များစုံညီသည့်အခါများတွင်ပင် ပြောကြဆိုကြ ၊ စားကြသောက်ကြပြီးပါက ကိုယ်စီကိုယ်စီ စာအုပ်တစ်အုပ်စီ ကိုင်ရင်း ငြိမ်သက်သွားတတ်၏ ။

ကျွန်မ အခုလုပ်နေသော အလုပ်ကို မေမေနှင့်ဖေဖေက သဘောကျ နှစ်သက်ကြသည်။

သမီးနဲ့   အသင့်တော်ဆုံးက စာရေးရတဲ့ ၊ တွေးရတဲ့ အလုပ်ပဲ ၊ တခြားအလုပ်တွေဆို ဖြစ်မှာမဟုတ်ဘူး ၊အဲဒီ့တော့ ဒီအလုပ်ကိုပဲ ထူးချွန်အောင်လုပ်စေချင်တယ် ၊ ပြီးတော့ ဒီအလုပ်အပြင် စာရေးဆရာမလည်း ဖြစ်စေချင်တယ် ၊ တို့  အမျိုးက စာပေမျိုးဖြစ်စေချင်တယ် ” ဟု မေမေက အလျင်းသင့်တိုင်း ပြောလေ့ရှိပါသည်။

*                    *                *



သိပ်ရင်းနီးသော

သူ့ကို စတင်တွေ့မြင်ရင်းနှီးခဲ့သည်က လွန်ခဲ့သည့် ၉ နှစ်လောက်ကဖြစ်သည်။ အဲဒီ့တုန်းကတည်းကပင် သူ့ကို အရူးအမူးစွဲလန်းခဲ့သည်။နေ့စဉ်နေ့တိုင်း သူနှင့် တစ်ရက် မပြတ်တွေ့အောင်ကြိုးစားခဲ့ဖူးသော အဲဒီ့နှစ်ရဲ့ နွေကျောင်းပိတ်ရက်တွေကို လွမ်းမိသည်။ အမှန်တကယ်ပင် ကျွန်မ၏ ဆယ်ကျော်သက်အစဦးကာလ အိပ်မက်များကို သူစိုးမိုးခဲ့ပါသည်။ သူ့ကို ကျွန်မ သိပ်သဘောကျသည်။ သူ့ကို တိတ်တခိုးအတုယူသည်။ သို့သော်ကျောင်းဖွင့်ရက်များဆီသို့ ပြန်လည်ရောက်ရှိချိန်မှစ၍ သူ့ကို နှုတ်ဆက်ခဲ့ရပြန်သည်။ အဲဒီ့တုန်းဆီက ဝေးကွာမှုသည် ခဏတဖြုတ်ဝေးကွာမှုဟုသာ ကျွန်မက ထင်မှတ်ထားခဲ့၏ ။
နှစ်ရှည်လများ ဝေးကွာရမည်မှန်းကျွန်မ ကြိုမသိခဲ့။

တကယ်ဆိုတော့ အဲဒီ့အချိန်ကပင်စ၍ ဝေးကွာခဲ့ရသည်မှာ အခုဆို ဆယ်စုနှစ်တစ်ခုစာပင် ပြည့်တော့မည် ။

တစ်ခါတစ်ခါ..ငယ်ဘဝကို ပြန်တွေးတိုင်း ၊ မေ့လျော့ပစ်မိတတ်သော ငယ်အိပ်မက်တွေကို ပြန်ခြေရာကောက်တိုင်း ၊ ငယ်ငယ်တုန်းက ချစ်ခြင်းများကို ပြန်တမ်းတမိတိုင်း…
သူ့ကို မက်မက်မောမော ကျွန်မလွမ်းရပြန်ပါသည်။

အဲဒီ့နောက်ပိုင်းမှာတော့ အလွမ်းရင့်ရင့်တွေနှင့်သာ ကျွန်မ အိပ်စက်ခဲ့ ၊ နိုးထခဲ့ပါသည်။ ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။သူ၏အတွေးအခေါ်များ၊သူ၏မြင့်မားသော အိုင်တီနည်းပညာများနှင့်ကွန်ဖူးပညာ ၊ သူ၏ချစ်ခြင်းမေတ္တာတရား၊စွန့်လွှတ်အနစ်နာခံမှုများ ၊ ပြီးတော့ သူ၏တည်ငြိမ်ရဲရင့်မှုများ ။ အရာအားလုံးသည် ကျွန်မအတွက်တော့ အံ့သြဘနန်းနှစ်လိုအားကျဖွယ်ရာများပင်။

သူမကြားမသိနိုင်သော တမ်းတခြင်းများဖြင့် ကျောင်းစာသင်ခန်းထဲမှာသူ့အကြောင်းကိုကျွန်မ တမေ့တမော ပြောပြနေတတ်သည်။ သူ့ကို တွေ့ခွင့်မရနိုင်သော ကျောင်းဖွင့်ရက်များတွင်မှ သူ့ကို တနင့်တသီးသတိရနေတတ်ကြောင်း ပိုသိလာရသည်။

ကျွန်မသူငယ်ချင်းတွေထဲမှာ သူ့ကိုသိသောသူတွေ ရှိနေပြန်၏။ထို့အတူ သူတို့ကလည်း သူ့ကိုသဘောကျကြကြောင်း ဆိုကြသည်။သို့သော် ကျွန်မဝန်တိုစိတ်အလဉ်း မရှိခဲ့ပါ။ကျွန်မသေချာသိနေသည်က သူတို့၏ သဘောကျစိတ်သည် ကျွန်မသူ့အပေါ်ထားသော စွဲလမ်းချစ်မက်မူးစိတ်ကို မည်သည့်နည်းနှင့်မျှ မီလိမ့်မည်မဟုတ် ။

သို့သော် ကြိုတင်မမြင်နိုင်သော ကံကြမ္မာသည် မထင်မှတ်ထားသော ထောင့်မှနေ၍ ဝင်လာတတ်သည့်အတိုင်း ။ သူနှင့်ကျွန်မကြား ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းသည် ပျောက်ဆုံးသွားခဲ့သည်။ကျွန်မ စုံးစမ်းမေးမြန်းသည်။လူတွေ သူ့ကိုသိကြသည်။သို့သော် လိပ်စာလက်ဝယ်မရှိကြ။ ထိုနည်းလည်းကောင်း……..ထိုနည်းလည်းကောင်းနှင့်ပင် ။
သူ့ကို ပျောက်ဆုံးသွားခဲ့ရပါသည် ။

အခုတော့ ကျွန်မ သူထားရစ်ခဲ့သော ဓါတ်ပုံကလေးများကိုသာ ရှာဖွေရင်းအလွမ်းဖြေနေမိပါသည်။
တစ်နေ့နေ့…ဟုတ်ကဲ့…ထိုတစ်နေ့နေ့တွင် သူရှိနိုင်မည်ထင်သော ရေခြားမြေခြားဆီသို့ ကျွန်မအရောက်လှမ်းသွားချင်ပါသည်။
အခုတော့….
သူ့ဓါတ်ပုံလေးကို ကြည့်ရင်းးးးးးးးးးး………….

so close

ပကတိ ရိုးစင်းသော ငယ်ဘဝ၏ စွဲလမ်းမှုများသည် ကျွန်မတို့၏ တကိုယ်ရည် ရင်ခုန်မှုကိုပေးစွမ်းတတ်ကြလေ၏ ။

၃ နှစ်အကြာက သွားနှင့်သူသို့

**အကျင့်ပါနေတဲ့ အတွေးတွေက

ပြက္ခဒိန်အဟောင်းကိုပဲကြည့်

ရင်ဘတ်အဟောင်းနဲ့ပဲ ခံစားရင်း

မေ့မရခြင်းတွေကိုပဲ ရာသီမပြတ်စိုက်ပျိုး

အခုထက်ထိ ငါ့ခြံထဲမှာ

လေနဲ့ အတူပါလာတဲ့ ညနေ ၅း၃၀ ခွဲသံတွေနဲ့

နှစ်ချို့ စာမျက်နှာတွေ အပြိုင်းအရိုင်းဝေဆာနေဆဲပါ ။

နင်မရှိတော့ပေမယ့် ..နင်ရှိနေသလိုပါပဲ

**ဘယ်သူမှ ရိပ်သိမ်းခွင့်မရှိပါဘူး

နင်ပျိုးကြဲခဲ့ဖူးတဲ့ အဦးဆုံးရင်ခုန်သံတွေကို

နင်ပျောက်ကွယ်သွားတဲ့ ဒီကမ္ဘာမြေမှာပဲ

ငါအခုထိ တိတ်တိတ်လေး ရေလောင်းပေါင်းသင်နေဆဲပါ ။    ။

ငြိမ်းလေး

၂၈ရက် ၊ အေပရယ်လ ၊ ၂၀၁၁

ည ၁၁း၁၅ နာရီ



ငယ်သူငယ်ချင်း

နင်တို့ရယ်   ငါရယ်  ကြယ်ကလေးတွေလို ကခုန်ရင်း

နင်တို့ရယ် ငါရယ် ကြယ်ကလေးတွေလို ကခုန်ရင်း

* စီးဆင်းရာ ကမ်းပါးတွေ အများကြီးခြား

ငါတို့ ကြားက

နှစ်ရှည်လများ အဆက်ပြတ်သွားတဲ့ဘ၀တွေ

တိတ်တဆိတ် သတိရရုံထက်

တကယ်ဆို ဘာများတတ်နိုင်မှာတဲ့လဲ ။

* ဖြူစင်တဲ့ မျက်လုံးကြည်ကြည်လေးတွေ

ကိုယ့်အကြောင်းနဲ့ ကိုယ်

အရောင်ပြောင်းခဲ့လေပြီလား

ငါတို့ အသက်တွေ ကြီးလာတာနဲ့ အမျှ

လူမသိ သူမသိ မျက်ရည်တွေက

ဘယ်နှခါ မြောက်မှန်းမသိ ကျခဲ့ဖူးပြီ ။

* တစ်ခါတစ်လေ အိပ်မက်တွေထဲ

ငယ်ဘ၀ကို ပြန်ရောက်သွားဖူးတယ်

နင်တို့ရယ်   ငါရယ်

ကြယ်ကလေးတွေလို ကခုန်ရင်း

အပြစ်ကင်းစွာ ပျော်ရွှင်လွန်းလို့ကွယ် ။

* အလွမ်းတွေ ပင်လုံးကျွတ်ဝေတယ်

သတိရခြင်း ပန်းပွင့်တွေ နေ့တိုင်းကြွေတယ်

သူငယ်ချင်းတို့ရယ်

ရေခြား မြေခြား ဇာတ်ခုံတွေ ကွဲပြားနေလည်း

ငယ်ငယ်တုန်းက ပြောခဲ့ဖူးသလိုပဲ

“ငါတို့ တစ်နေ့ ပြန်တွေ့မယ် “  ။

ငြိမ်းလေး

၁၇ ရက် ၊ ဆန်းဒေး ၊ အောက်တိုဘာ ၊ ၂၀၁၀

ညနေ ၀၅နာရီ ၅၀ မိနစ် ။

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

ကျွန်မ သူငယ်ချင်း ငွေကြယ်ပွင့်သို့…..

“တိုက်ဆိုင်လို့ သတိရတာမဟုတ်ပါဘူး ၊သတိရလို့ တိုက်ဆိုင်တာပါ”

အချစ်ဆုံးသူငယ်ချင်းက သူပိုင်ဒဿန တစ်ခွန်းကို လွန်ခဲ့သည့် နှစ်အတန်ကြာက ပြောခဲ့ဖူးတာ မှတ်မိသည်။Deadline နေ့မို့ ခုနှစ်နာရီကျော်မှ ရုံးဆင်းဖြစ်သည့်ညက ဘက်စ်ကားပြတင်းမှန်မှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်ရင်း အိမ်ပြန်ဖြစ်ခဲ့သည်။ မှိတ်တုတ် ၊ မှိတ်တုတ် ကြယ်ကလေးတွေကိုကြည့်ရင်း မတွေ့ရတာ ကြာပြီဖြစ်သည့် သူငယ်ချင်းတွေကို လွမ်းသည်။အတောမသတ်နိုင်သည့် မဟူရာကောင်းကင်တွင် အခြားကြယ်တွေထက် ပိုထင်းလင်းကာ တစ်စင်းထီးတည်း တောက်ပနေသော ကြယ်ကြီးကိုလည်း တွေ့ရသည်။တစ်ချိန်တည်းမှာပင် ကျွန်မအပေါ် အလွန်ကောင်းခဲ့သော ငယ်သူငယ်ချင်းတစ်ယောက်ကို သတိရသည်။ကျွန်မ ဘ၀ သက်တမ်းတစ်လျှောက်တွင် သူငယ်ချင်း အမြောက်အများ ရှိခဲ့သလို ၊ အချစ်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းတွေလည်း ရှိခဲ့ပါသည်။ သို့သော် ဆယ်တန်းနှစ်မှ စတင်ခင်မင်ခဲ့ပါသော သူငယ်ချင်းတစ်ယောက်ကတော့ ကျွန်မအပေါ် အံ့သြရလောက်အောင် ချစ်ခင် ၊ အနွံအတာ ခံနိုင်သူဖြစ်ခဲ့တာကတော့ ရှေးဘ၀ ရေစက်ပင်ဖြစ်မည် ထင်ပါသည်။ အခုလိုပင် ကြယ်တွေစုံသော ညတစ်ညက ဘော်ဒါဆောင်ရှေ့ ဝရံတာတွင် စာကျက်နေရင်း သူပြောခဲ့ဖူးသည့် စကားတစ်ခွန်းကိုလည်း မှတ်မိနေပါသေးသည်။

“Memoi ၊ ဟိုးမှာ သူများတွေထက် ပိုလင်းနေတဲ့ကြယ်ကြီးကိုတွေ့လား ၊ သူများကြယ်တွေလို မှိတ်တုတ် မှိတ်တုတ်လည်းဖြစ်မနေဘူး ၊ Stable ပဲ ၊ အဲဒါ သောကြာကြယ် Venus ပေါ့ ၊ ငါ အဲဒီ့ကြယ်ကြီးကို အရမ်းသဘောကျတယ် ၊ နင့် ဘ၀မှာ ကြယ်တွေအများကြီးရှိမှာပဲလေ ၊ ဒါပေမယ့် ငါက နင့်အတွက် သောကြာကြယ်လို သူငယ်ချင်းပဲ ဖြစ်ချင်တယ်”

စိတ်ကူးယဉ်ဆန်တတ်သော သူငယ်ချင်းကို ထိုအချိန်က သဘောတကျ ရယ်မောခဲ့ဖူးသည်။ ကြယ်တွေလို့ လူတွေပြောနေသော အရာတွေဟာ တကယ်တော့ ကမ္ဘာမြေနဲ့ အလွန်ကွာဝေးသော စကြာဝဋ္ဌာထဲက ဂြိုဟ်ကြီးတွေသာဖြစ်ကြောင်း ကျွန်မကပြောတော့ သူက လက်မခံခဲ့ပေ။ကြယ်လို့ သဘောထားတာကသာ ပိုသဘောကျဖို့ကောင်းကြောင်း ဆင်ခြေပေးတတ်သည် ။

ကြယ်တွေကိုချစ်တတ်သော ၊ ကြယ်တွေအကြောင်း ပုံပြင်ပြောတတ်သော သူငယ်ချင်းကို ကြယ်တွေကြွေတတ်သည့်အကြောင်း ကျွန်မ သတိမပေးဖြစ်ခဲ့ပါ ။

*              *                         *

ကျွန်မတို့သည် လောကဇာတ်ခုံ ကောင်းကင်ကြီး၏ ရင်ခွင်တွင် ငွေကြယ်ပွင့်လေးများအဖြစ် တွဲလွဲခိုနိုင်ခွင့်ရရန် ကြိုးစားနေကြရပါသည်။တစ်ခါတစ်ရံတွင် ကြွေကျသွားသော ကြယ်ကြွေတစ်ချို့၏ ငိုရှိုက်သံကိုလည်း စိတ်မကောင်းစရာ ကြားမိဖူးပါ၏။သောကြာကြယ် ဖြစ်ချင်သော ကျွန်မ၏ သူငယ်ချင်းကို ပျောက်ဆုံးသွားခဲ့သည်မှာလည်း သက္ကရာဇ် သုံးခုစာပင် ကျော်လွန်ခဲ့ပါပြီ။ ကျွန်မယုံသည်။သူသည် တိမ်ဖုန်းနေသော သောကြာကြယ် တစ်စင်းသာ ဖြစ်သည်။တစ်နေ့နေ့ လောကကြီး၏ တစ်နေရာရာတွင် သူ့ကို ပြန်လည်တွေ့ရှိခွင့်

ရလိမ့်မည်ဟု။

“ကိုရေ—ပျောက်နေတဲ့ Venus ကို ဘယ်လိုရှာရမလဲဟင်”

ငယ်သူငယ်ချင်းကို သတိရခြင်း ပန်းပွင့်တွေနေ့တိုင်း ကြွေမိသည့်ကာလ ကျွန်မချစ်သော ချစ်သူကို ရင်ဖွင့်ပြောပြဖြစ်သည်။ကျွန်မဘ၀မှာ လင်းလက်ခဲ့ဖူးသော သူငယ်ချင်းကောင်းတွေအကြောင်း ကျွန်မချစ်သူလည်း နားရည်ဝနေလောက်ပြီထင်။

“Memoi သတိမထားမိဘူးနဲ့ တူတယ်ကွ ၊ Venus က ညနေမှောင်ရီပျိုးစလောက်ကထဲက သူတစ်စင်းတည်း စပေါ်လာတတ်တာ ၊ ညနက်လို့ ကြယ်တွေစုံပြီး အလင်းရောင်များလာတဲ့အချိန်ဆို သူ့ကို ရုတ်တရက် မတွေ့ရတော့ဘူး”

“ဟုတ်တယ်နော် ၊ ကို ပြောတာဟုတ်တယ် ၊ ဒါပေမယ့် Memoi သိချင်တာက သူ့ကို ပြန်ရှာလို့ ရပါ့မလား ၊ ဘယ်လိုပြန်ရှာရမလဲ ဆိုတာလေ”

“ဒါကလွယ်ပါတယ် ၊ နောက်နေ့ ညနေရောက်ရင် သူပြန်ရောက်လာရမှာပေါ့ ၊ မဟုတ်ဘူးလား၊ Memoi ဘ၀မှာ ညနေခင်းတွေက ခဏခဏ လာနေဦးမှာပဲလေ”

“အိုးးးး—မှန်လိုက်တာ ကြည့်စမ်း ။ ဒါကို Memoi မေ့နေခဲ့တယ် ၊ အဲလိုမျိုး မစဉ်းစားမိခဲ့ဘူးသိလား”

“ဟုတ်ပါပြီ ၊ အဲဒါထက်အရေးကြီးတာက Venus နဲ့ တခြားကြယ်တွေကိုပဲ သတိရမနေနဲ့ ၊

Memoire က ကိုယ့်ရဲ့ Polestar ဆိုတာလည်း မမေ့နဲ့ ဦးနော် “

“ဟားဟား ၊ ဟုတ်ပါပြီ ကိုရယ်…”

ကျွန်မဘ၀တွင် တွေ့ကြုံခွင့် ရသောသူများကို ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါသည်။ ရိုးသားတည်ကြည်သော ၊ နားလည်မှု အပြည့်အ၀ရှိသော ကျွန်မ၏ ချစ်သူ ကိုလည်း ကျေးဇူးတင်သည်။ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်သည်။ သူတို့ကို လွမ်းတိုင်း ငယ်ဘ၀၏ ဖြူစင်ပုံ ၊ ငယ်ဘ၀၏ အပြစ်ကင်းပုံတွေကို အောက်မေ့ရသည်။

“မိတ်ဆွေဟောင်းဆိုတာ အကောင်းဆုံးကြေးမုံပြင်ပဲ” လို့ ဂျော့ ဟားဘက် ကောက်ချက်ချခဲ့ဖူးတာကို ကျွန်မ မှတ်သားဖူးပါ၏ ။

*          *            *

ကျွန်မ စီးနင်းလာသော အဓိပတိ ဘတ်စ်ကားကြီးက ဆင်းရမည့် မှတ်တိုင် ရောက်တော့မည် ဖြစ်ကြောင်း သတိထားမိလိုက်သည်။ကားပေါ်မှ ဆင်းပြီးနောက်မှာလည်း တဖျက်ဖျက် လင်းလက်နေကြသည့် ကြယ်ရောင်စုံကောင်းကင်ကြီးကို မော့ကြည့်ဖြစ်၏။

ကျွန်မကိုယ်တိုင်ကရော ကြယ်တစ်စင်းအဖြစ် ကိုယ်ပိုင်အလင်းရောင်နဲ့ တောက်ပဖို့ ဘာဖြစ်လို့များ မဖြစ်နိုင်ရမှာတဲ့လဲ ။ကျွန်မဟာ ကျွန်မကို လက်ကမ်းသောသူတွေအတွက်

အလင်းရောင် တက်စွမ်းသမျှ မျှဝေသည့် ကြယ်တစ်စင်းအဖြစ် တောက်ပနေနိုင်ပြီ ။ ပြီးတော့ ကျွန်မကို လက်တွဲခဲ့သည့် သူငယ်ချင်း ကြယ်ပွင့်ကလေးတွေကိုလည်း ပိုင်ဆိုင်ဖူးပြီ။စစ်မှန်သော သူငယ်ချင်းအချစ်ကို ရရှိခံစားနိုင်ခြင်းကလည်း ၀ယ်ယူမရနိုင်သော ဆုလာဒ်တစ်ပါးဖြစ်ကြောင်း ကျွန်မနားလည်ခဲ့ပြီ။တပြိုင်နက်မှာပဲ အဝေးရောက် သူငယ်ချင်း တွေကို လွမ်းတတ်ပြီ ။ သူတို့တွေကို သိစေချင်သည့် စကားတစ်ခွန်းကို ပြောပြချင်ပါသေးသည်။

“ကျွန်မသူငယ်ချင်း ကြယ်ပွင့်လေးတွေ ၊ ဘယ်မှာဘာပဲဖြစ်နေနေ ၊ ကြွေကြွေ မကြွေကြွေ ၊ မြေပြင်ထက်မှာပဲ ကျိုးပဲ့နေပါစေ ၊ သူတို့ဟာ ကျွန်မရဲ့ ထာဝရ ငွေကြယ်ပွင့် တွေပါပဲ “

ဆိုတာ သူတို့ကို နားလည်စေချင်မိပါ၏။

ကြယ်တွေစုံသော အဲဒီ့ညတစ်ညသည် ကျွန်မ၏ အိပ်စက်ခြင်းများကို လုယူ ဖျောက်ဖျက်ပစ်လိုက်ပါတော့သည်။

ငြိမ်းလေး

summer-grass

မက်မုံသီးလေးရဲ့ အစိမ်းရောင်

အတိတ်၏ အဆုံးသည် လေစိမ်းထန်ခဲ့သည်။စိမ်းကားသော အစိမ်းရောင်တို့ဖြင့်   ခြယ်သသည်။ သူပစ်ချခဲ့သော အစိမ်းရင့်ရောင်ကန့်   လန့်  ကာသည် သူနှင့်ကျွန်မကြား ဆက်သွယ်မှုများကို လမ်းစပျောက်သွားစေပြီ။ကျမ၏ စိတ်ဘ၀င်တွင် အစိမ်းရောင်သည် ဆွတ်ပျံ့   ဖွယ်အရာတစ်ခုအဖြစ် ၀င်ရောက်ကပ်ညှိလာပါတော့သည်။

သူကမ်းပေးခဲ့ဖူးသည် အစိမ်းရင့်ရောင် ထီးကလေး ၊ အတူလျှောက်ခဲ့ဖူးသည့် မြက်ခင်းစိမ်းစိမ်း ၊ နောက်ဆုံး သူထားရစ်ခဲ့သည့် ခပ်စိမ်းစိမ်း နှလုံးသားတစ်စုံ ၊ အရာရာသည် အတွေးအိမ်တွင် စိမ်းလန်းစွာပေါက်ရောက်ရှင်သန်နေဆဲပင် ။

*               *                  *

အစိမ်းရောင်….

အေးမြခြင်း ၊ လတ်ဆတ်ခြင်း ၊ တည်ကြည်ခြင်း ၊ စိမ်းကားခြင်း ၊ လန်းဆန်းခြင်း ၊ နုသစ်ခြင်း တို့  ကို ပေးစေ၏ ။မနက်မိုးသောက် ရောင်နီရောက်တိုင်း ကျမကို နှုတ်ခွန်းဆက်သတတ်သူများထဲတွင် အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းကြီး နှစ်ပင်ပါ၏ ။မြင့်မားအိုမင်းလွန်းမနေသလို ၊ အပင်ပေါက်စလေးလည်း မဟုတ်သည့် အိမ်ရှေ့က ထိုဗာဒံပင်နှစ်ပင်သည် နုသစ်သော စိမ်းဖန့်ဖန့်     ရွက်ပျိုတို့  တစ်ဝက် ၊ အိုဟောင်းနေပြီ ဖြစ်သော ရော်ရွက်ဝါတို့   တစ်ဖက်ဖြင့်     ကပိုကရို ကြွေလျက်ဝေလျက် ရှိသည် ။

ဘယ်အချိန်ထဲက စတင်သည် မသိ။ကျမက အစိမ်းရောင်ကို ကြိုက်သည် ။စိမ်းစိမ်းစိုစို   မြင်လျင်သဘောကြသည်။ဘာရယ်မဟုတ်ပဲနှင့်ပင် အိပ်မက်စိမ်းစိမ်းများ မက်ခဲ့ဖူးသော နယ်မြို့လေးက အထက်တန်းကျောင်းကို လွမ်းသည် ။အဖြူအစိမ်းဝတ် ကျောင်းသူဘ၀လေးကို လွမ်းသည် ။အိမ်ရှေ့က ဗာဒံပင်စိမ်းစိမ်းတွေကို မြင်တိုင်း ကျောင်းထဲက ဗာဒံပင် မြင့်မြင့်ကြီးတွေကို သွားသွားသတိရသည် ။ထို့အတူ မြက်ခင်းစိမ်း ကဗ္မလာကို လွှမ်းခြုံထားတတ်သော ကျောင်းဝန်းနံဘေးက တာရိုးကြီးကိုလည်း အပြေးအလွှား သတိရသည် ။ တစ်စုံတစ်ယောက် လွယ်ခဲ့ ဖူးသည့် လွယ်အိပ်အစိမ်းရောင်လေးကို မြင်ယောင်မိသည်။

တောင်စဉ်တောင်တန်း တစ်ခုပမာ မားမားကြီး လှဲလျောင်းနေသော စိမ်းညို့ညို့တာရိုးကြီးပေါ်တွင် သူနှင့်အတူ တစ်ခါတစ်ခေါက် ပြန်လည်လျှောက်လှမ်းချင်ပါသေးသည်။အခုအချိန်များဆိုလျင် `ယမနေဆောင်´ရှေ့   က ကုက္ကိုပင်ကြီးများမှ လေအဝှေ့တွင် ကြွေနေမည်ဖြစ်သော ကုက္ကိုရွက်ကလေးများသည် လိုက်လံဖမ်းယူဆော့ကစားမည့် ကောင်မလေးတစ်ယောက် မရှိတော့ပြီ ဖြစ်၍ ပျင်းရိနေချေတော့မည် ။ကျောင်းဝန်းထဲရှိ စိမ်းညို့ညို့ သစ်ပင်ကြီးများအောက်က အညိုရောင်သစ်သားထိုင်ခုံဝိုင်းကလေးများသည်လည်း အသစ်..အသစ်သော ကျောင်းသားကလေးများကို လောက၀တ်မပြတ် ခင်းကျင်းဧည့်ခံနေဆဲ ရှိပေလိမ့်မည် ။

*               *                  *

စိန်းလန်းခဲ့ဖူးသော တစ်ခါက အိမ်မက်များတွင် မြက်ခင်းစိမ်းစိမ်းကြားက `ကျွန်းရွှေဝါဆောင်´လည်း ပါသည်။ထိုအဆောင်၏ ၀ရံတာတွင် အဖြူရောင် စကားများ ကြွေခဲ့ဖူး၏ ။ ပန်းနုရောင် အပြုံးများ ဝေခဲ့ဖူး၏ ။ရွှေအိုရောင် အနာဂတ်များ ပုံဖော်ဖူး၏ ။ ထိုအဆောင်၏ လှေကားထစ်များတွင်ပင် အရိုင်းဆန်သော တိုးဖွဖွ ရယ်သံများ ကြားခဲ့ဖူးပါ၏ ။

ခရေဆောင်ထိပ်က ခရေပင်အုပ်အုပ်ဆိုင်းဆိုင်းကြီးအောက်တွင် အစိမ်းရင့်ရင့် အလွမ်းများ တစ်ဖန်ပြန်လည်ဝေနေပြီ ထင်ပါ၏ ။ အဆောင်ရှေ့  ပန်းခင်းအကြား ၊ မြက်ခင်းပြင် စိမ်းစိမ်းပေါ်တွင် သစ္စာတိုင် ရတုတစ်ခုကို သီကုံးခဲ့ဖူး၏ ။ ပန်းချီကားတစ်ချပ်ထဲကလိုပင် အညိုရင့်ရောင် သက်ပြင်းငွေ့တို့ဖြင့် အဖော်မဲ့နေသော သစ်ခြောက်ပင်အိုကြီးတစ်ပင်သည် ကျွန်မတို့ကျောင်း၏ မြက်ခင်းစိမ်း ကွက်လပ်ကြားတွင် မားမားမတ်မတ် ရှိခဲ့ဖူး၏ ။

တစ်ခါတစ်ရံများတွင် ကျွန်မတို့  လမ်းလျှောက်ထွက်ခဲ့ဖူးသော စပျစ်ချိုရောင် ညနေခင်းများက တာရိုးစိမ်းစိမ်းကြီး၏ ကျောပြင်ထက်တွင် အသက်ဝင်ခဲ့ဖူးသည်။ထိုဒေသကလေးဆီတွင် လတ်ဆတ်သော လေနုအေးကလေးများ သဲ့သဲ့တိုက်ခက်သည် ။ မြက်ခင်းစိမ်းက လန်းဆန်းစွာ ရင်ဖွင့်ကြိုဆိုသည်။မျက်စိ တဆုံးတွင် လယ်ကွင်းစိမ်းစိမ်းများနှင့် ကျောင်းဘောလုံးကွင်းကြီး ရှိသည်။ရံဖန်ရံခါ ရောင်စုံသက်တန့်ကြီး ရေသောက်ဆင်းနေသည်ကို တမေ့တမော ငေးရီနေနိုင်သေးသည်။အနောက်ဘက်တွင် အဆီးအတားမဲ့ ကောင်းကင်ကြီးနှင့် အတောမသက်နိုင်သော လယ်ကွင်းပြင်စိမ်းစိမ်းများကို ကျောပေးထားသော `စကားဝါဆောင်´သည် ကျွန်မ နောက်ဆုံးခြေချခဲ့သော အဆောင်ဖြစ်သည်။ကျွန်မတို့၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထိုအဆောင်၏ အခန်းတစ်ခန်းတွင် ဖြေဆိုအောင်မြင်ခဲ့ကြပါသည်။
*               *                  *

ရွက်နုစိမ်းများဝေသော နွေဦးရာသီ ရက်စွဲများတွင် ကျောင်းနောက်ဖေး ငှက်ပျောတောစိမ်းစိမ်းကြီးကြား အတန်းလစ်၍ တစ်တန်းလုံးနီးပါး သွားထိုင်ခဲ့ကြဖူးသည်။ ထိုငှက်ပျောတော၏ ဟိုမှာဘက်တွင်  မျက်စိတစ်ဆုံး ကျယ်ပြောလှသော ဟင်းလင်းပွင့်နေသည့် လယ်ကွင်းပြင်ကြီး ရှိ၏ ။ မိုးကောင်းကင် ပြာကြီးနှင့် တိမ်ဆိုင်တိမ်ခဲများကို ဟိုးမိုးကုတ်စက်ဝိုင်းနေရာအထိ အားရပါးရ ငေးမောနိုင်၏ ။ နေ့လည်ခင်ဒ၏ တိမ်တိုက်များသည် နီတစ်ခါ ၊ ၀ါတစ်လှည့် ဖြင့် နေရောင်အောက်တွင် ဆေးရေးချယ်ကာ ကခုန်နေတတ်သည်။အသံသြသြချိုချိုလေးကို မွေးရာပါ ပိုင်ဆိုင်သော ကောင်ကလေးက `၀ိုင်ဝိုင်း´ ၏ `ဖြေသိမ့်လိုက် ´ ကို ဆိုပြရင်း မျက်ရည်ဝဲခဲ့ကြဖူးသည်။

အစိမ်းရောင် အ၀တ်ဖိနပ်လေးကို တမက်တမော ၀ယ်စီးခဲ့ဖူး၏ ။ ခေါက်ရိုးကျိုးသွားသည့်တိုင် မပစ်ရက်ခဲ့ပါ ။ အစိမ်းရောင် အင်္ကျီလေးများကို ကြိုက်၍ မကြာခဏ ၀တ်မိသည်။ အစိမ်းရောင် ပန်းချီကားလေးများ ၊စာအုပ်လေးများ ၊ အသုံးအဆောင်လေးများသည် ယနေ့ထက်တိုင် ကျွန်မကို ဆွဲဆောင်နိုင်ဆဲပင် ။ထို့အတူ ကျွန်မ၏ နှစ်ချို့ အလွမ်းစာမျက်နှာတွင် ` အစိမ်းရောင်….´ ဆိုသော ပညက်ချက်ကလေးသည် စိမ်းလန်းစွာ ပေါက်ရောက်ရှင်သန်နေပါသေးသည် ။

*               *                  *

မက်မုံသီးလေးရဲ့ အစိမ်းရောင်

မက်မုံသီးလေးရဲ့ အစိမ်းရောင်

ငြိမ်းလေး

မေ ၂၆ ၊ ၂၀၁၀